အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, September 12, 2012

“အမိမြန်မာပြည်သို့ပြန်လည်ရောက်ရှိခြင်း”

အိန္ဒိယနိုင်ငံ ဗာရာဏသီရွှေမြို့တော်မှ ကာလကတ္တားသို့ ရထားဖြင့်သွားလာခဲ့ရသည်။ ရထားဆိုက်သည်နှင့် ကာလကတ္တားလေဆိပ်နှင့် နီးရာဟိုတည်တခုသို့ တညတာတည်းခိုပြီး အမိမြန်မာပြည်သို့ ပြန်လာခဲ့ရသည်။ ဟိုတည်မှာ တညတာတည်းခိုခ ရူပီး၉၅၀ ဖြင့် တည်းခိုခဲ့သည်။ လမ်းမနှင့်မနီးမဝေးတနေရာမို့ ကားသံများဖြင့်ဆူညံလျှက် နေ့လည်စာကို ထမင်းဆိုင်သို့ သွားလာခဲ့ရသည်မို့ အိန္ဒိယနိုင်ငံ၏ ထမင်းဆိုင်သည် သန့်ရှင့်သပ်ရပ်မှုနည်းပါးသည်ကိုတွေ့ခဲ့ရသည်။ အခြားဝိုင်းများကို အကဲခတ်ကြည့်မိ၏ မိမိစားဘို့အဆင်မပြေမှန်းသိခဲ့ရသည်။ ပုံပေးကာ ဇွန်းမပါသောစနစ်မို့ မစားလိုခဲ့၍ အများသူငါတို့စားနေကြသည်ကိုမြင်ရစဉ်မှာပဲ ထမင်းကြော်စီစဉ်ပေးလို့ရမလားဟု မေးကြည့်သည် ရပါတယ်ဟု ပြောဆို၍ ထမင်းကြော်ကြက်ဥဖြင့်မှာခဲ့သည်။ သို့သော် မိမိထင်သလိုမဖြစ်ခဲ့။ တဇွန်း နှစ်ဇွန်းစားပြီးသည်နှင့်အဆင်မပြေသည်မို့ ရူပီးငွေ ၁၃၀ ရှင်းပေးကာ ထွက်လာခဲ့တယ်။ တနေရာအရောက်ပူတီခေါ်သောကုလားမုန့်ကြော်နေသည်ကိုတွေ့ရ၍ ၂ချက်ဝယ်ကာ ဟိုတည်သို့ပြန်လာပြီး ဗာရာဏသီရွှေမြို့တော်မှ ညီမငယ်များလုပ်ပေးလိုက်ကြသော ပူရီဖြင့် ရောနှောကာ ရေဖြင့်မြှိုက်ချကာ နေ့လည်စာအဖြင့် ပြီးခဲ့ရသည်။ အခြားသော စင်္ကာပူနိုင်ငံ မလေးရှားနိုင်ငံ ထိုင်းနိုင်ငံ တို့မှာ မြန်မာအစားအစာအဆင်ပြေခဲ့ပေမဲ့ အိန္ဒိယနိုင်ငံမှာ ရွှေမြန်မာတို့အတွက် အဆင်မပြေခဲ့။ မိမိမှာ အစားအစာချေးများတတ်သည်မို့ ပို၍ သာ၍ ဆိုးခဲ့သည်။ ထိုနေ့အဖို့ ပူရီကို ရေဖြင့်မြှောချလို့နေ့လည်စာအဖြင့်ပြီးခဲ့ရသည်။ှ မနက်ဖြန်ကြမှ လေယာဉ်ပေါ်မှာ တ၀တပြဲကြီးစားမည်ဟု ကြံစီခဲ့ပြီး တည်းခိုခန်းမှာ အနားယူနေခဲ့သည်။ {တညလုံး ရထားပေါ်မှာ အအေးဒဏ်ကိုအံတုပြီး အပေါ်ထက်တနေရာမှာ စောင်ခြုံလို့ကွေးခဲ့ရသော်လည်း မိမိဆင်းမဲ့ကာလကတ္တားဘူတာကို ကျော်သွားမှာစိုး၍ အိပ်ချင်သော်လည်း မအိပ်နိုင်ပဲ အတွေးပေါင်းစုံဖြင့်အတွေးနယ်ချဲ့ခဲ့သည်။ ရထားပေါ်မှာတော့ ၀န်ဆောင်မှုအပြည့်နှင့်မို့ မကြာမကြာ လဘက်ရည် မုန့် ငှက်ပျောသီးများ ကျွေးမွေးသည်။ တဘူတာအရောက် ဘူတာထဲတွင်လူများဝိုင်းအုံလျက် ဘာဖြစ်နေကြသလဲဆိုတာတော့ မသိ မိမိလည်း မျက်နှာသစ်သွားတိုက်လုပ်နေစဉ် ဆူညံသံများရောနှောလျှက် ရှိခဲ့သည် မိမိသွားတိုက်နေစဉ် အပေါက်မှာချောင်းကြည့်သော်လည်း ရထားမှာတဘူတာတဘူတာမှာ ၅မိနစ်ခန့်သာရပ်တန့်ခြင်းကြောင့် ဘာကိုမှသဲသဲကွဲကွဲ မမြင်ခဲ့ရ။ မိမိသွားတိုက်နေစဉ် ပူရှိန်းရှိန်းဖြင့် အခံရခက်ခဲ့သည်။ ခဏတာသွားတိုက်ပြီး ကပျာကယာ အလျင်အမြန် ရောဖြင့်ပလုပ်ကျဉ်းပစ်လိုက်သည်။ ပါးစပ်ထဲမှာတော့ ပူရှိန်းရှိန်းအတွေ့က ခံနေရမြဲမို့ အိပ်ကိုဖွင့်လို့ကြည့်မိလိုက်စဉ်မှာပဲ လိမ်းဆေးနှင့် သွားတိုက်ဆေးခွဲခြားမရခဲ့တဲ့ အပြုမူကြောင့် သွားတိုက်ဆေးအထင်ဖြင့် တိုက်ခဲ့သည်ကို သတိရမိတော့သည်။ အမှန်မှာ ရထားပေါ်မှာ ရာသီဥတုပူသော်လည်း ရထား၏ ၀န်ဆောင်ကောင်းမှုတွေကြောင့် အအေးဒဏ်သက်သာစေရန် လိမ်းဆေးဆောင်လာသည်ကို အမှတ်မထားမိခဲ့ လွဲခဲ့ပေါ့တခါ။ အင်း မိမိသွားလေးတွေတော့ အညောင်းသက်သာစေပြီလား ပူလောင်မှုဝေဒနာ ခံစားလေမလား မပြောတတ် မိမိမှာတော့ သောက်ရေသန့်တပုလင်းခန့် ကုန်စေခဲ့သည် ပလုတ်ကျင်းလိုက် ထွေးထုတ်လိုက်ပေါ့။ တချိန်က သီတဂူဆရာတော်၏ မိမိတို့အိန္ဒိယနိုင်ငံကျောင်းသားများအားတနှစ်လျှင်ဒေါ်လာ၁၀၀ ဆီလှူဒါန်းအလာ သြ၀ါဒပေးခဲ့သည် ထိုသြ၀ါဒကိုနားမှပြန်လည်ကြားယောင်ရင်း မိမိတယောက်ထည်း ရထားအပေါ်ထပ်တနေရာတွင်ပြုံးနေမိခဲ့သည်။} မကြာခင်ကျရည်ခေါ်သော လဘက်ရည်နှင့်မုန့်များ လာရောက်ကျွေးမွေးသည်မို့ သက်သာရာရစေခဲ့သည်။ ပတ်ဝန်းကျဉ်ကြည့်မိပြန်တော့ ရထားကြီးက သူ့တာဝန်ကျေပြွန်အောင် ခုတ်မောင်းသွားလာနေဆဲ။ ရထားပေါ်မှ အလွဲလေးများကိုတွေးရင်း ခဏကြာအိပ်ပျော်သွားခဲ့သည်။ ပင်ပန်းမှုဒဏ်ကြောင့် အိပ်ပျော်ခဲ့သည်။ }မိမိ အိပ်ပျော်နေခိုက် အပြင်မှ တံခါးခေါက်သံကြောင့် လန့်နိုးခဲ့သည် ဘယ်သူပါလိမ့် ဆိုပြီး တံခါးကို ဖွင့်ပေးလိုက်စဉ် မိမိမနက်ဖြန် လေယာဉ်လက်မှတ်လာပေးသူ မြန်မာပြည်နွယ်ဖွား ဦးရှောင်ဒရီပေါ့။ လေယာဉ်ခသည် ရူပီးငွေ ၁၄၀၇၉ ရူပီးဖြစ်သည်မို့။ ပါလာသောရူပီးငွေမှာ မလောက်တော့  ဒေါ်လာ ၁၀၀ ဖြင့် ရူပီးငွေများပေးခဲ့ရသည်။ မနက်ဖြန်မနက်{ ၈ }နာရီကွင်းချိန်းဖြစ်သည်။ မိမိနေရာနှင့် ပေလမ်း ကူးပြီး ၅မိနစ်ခန့်လျှောက်ရမည် သို့သော်ပစ္စည်းများပါလာသည်မို့ ကားငှားရပေမည်။ ဒီလိုနှင့်ရေမိုးချိုးကာ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေသည်များ ပျောက်သွားတော့၏။ တံခါးကိုပိတ်ပြီး ညနေမိုးချုပ်စပြုနေပြီဖြစ်သော ကာလကတ္တားမြို့၏ မီးရောင်စုံများအကြားဝယ် လမ်းလျှောက်ရင်း မနက်ဖြန်လေဆိပ်ကြိုရန် ဘယ်အချိန်လာရမည်ကို မပြောရသေးသည်မို့ ဖုန်းဆက်ရပေဦးမည် ဖုန်းထဲကြည့်ပြန်တော့ပိုက်ဆံအနည်းငယ်သာရှိနေသည်။ ဖုန်းဆိုင်လိုက်ရှာရပြန်သည် ခပ်ဝေးဝေးတနေရာမှာရှိနေသည် ကာလကတ္တားမြို့၏ မီးရောင်တွေနဲ့အတူ ဖုန်းထဲပိုက်ဆံထည့်ရန် လိုက်ရှာခဲ့ရပြန်သည်။ တွေ့လို့မေးကြည့်မိ၏။ UP ပြည်နယ်ကဒ်ထဲထည့်ရန်အဆင်ပြေလားမေးကြည့်မိသည်။ မိမိဆင်းကဒ်သည် UPပြည်နယ်ဆင်းကဒ်မို့ ရတာတော့ရမည်။ အပြည့်ဝ မခံစားရဟူ၏။ အိုကေ ရူပီး၃၀၀ ထည့်လိုက်သည်။ အဲယားဆဲကဒ်ထဲကိုတော့ နောင်တချိန်ပြန်လာလိုက အဆင်ပြေစေရန် ရူပီး၅၀ ထည့်ထားလိုက်၏။ ပက်ပ်စီ အအေးတပုလင်းဝယ်ကာ ဟိုတည်သို့ ပြန်လာခဲ့သည်။ မြန်မာပြည်ရာသီဥတုနှင့် တူညီသော ကာလကတ္တားမြို့၏ မိုဃ်းသည် မထင်မှတ်ပဲရွာချတော့၏။ ဖုန်းဆက်ခဲ့သည် မြန်မာပြည်ကို သို့သော် ရာသီဥတုအခြေနေကြောင့် အဆင်မပြေခဲ့ပါ။ တကြိမ်ဆက် အဆင်မပြေခဲ့။ နောက်တကြိမ်ပြန်ဆက်မိတော့ လူကြီးမင်းနဲ့တွေ့သဗျာ..။မကျေနပ်တာနဲ့ နောက်တကြိမ် ပြန်ခေါ်တော့ ဆက်သွယ်ရေးပြင်ပရောက်သွားပြန်တယ်..။ ဇွဲနပဲကြီးစွာနဲ့ ခေါ်ခဲ့မိတယ်ပေါ့။  မနက်ဖြန်ဆိုတဲ့အချိန်အတွင်းမှာ လေယာဉ်ကွင်းလာကြိုသူမရှိတော့ ယောင်ချာချာဖြစ်နေမှာစိုးလို့ အတူနေ မောင်သောဘိတ ဖုန်းဆက်မိခဲ့တယ် အကြိမ်များစွာဆက်မိတော့ မိမိအား သနားသွားလေရှာလေရော့သလားမသိ ဖုန်းဝင်သွားခဲ့တယ်ပေါ့လေ သို့သော် အသံကကြားတချက်မကြားတချက်မို့ အသံကုန်အော်ဟစ်ချင်ပေမဲ့လဲဘဲ မိမိသည် နိုင်ငံခြားသားဖြစ်သည်ကတကြောင်း နောက်ပြီး ဟိုတည်တနေရာမှာ အခြားသောသူများအား မနှောက်ယှက်စေလိုသောသောကြောင့်၎င်း ခပ်တိုးတိုးညင်သာစွာ ပြောဆိုခဲ့ရပေမဲ့ တဘက်သူရဲ့ နားမလည်မှုကြောင့် ခပ်ကြယ်ကြယ်လေးပြောဆိုလိုက်တော့မှ အရာအားလုံးသည် အဆင်ပြေခဲ့ရတော့သည်။ မနက်ဖြန်ဆိုတဲ့ အချိန်မှာ နွေးထွေးစေသော မိဘ(မွေးမေမေနဲ့နီးရာ)သို့ ပြန်ရတော့မည်မို့ ပင်ပန်းမှုကြောင့် အိပ်ချင်မှုဆန္ဒတွေကို မြိုသိပ်ကာ မနက်မိုးလင်းလို့ လေယာဉ်တတ်ရန် မနိုးမှာကိုစိုး၍ သတိ ၀ီရိယလေးထားလို့ ဟိုတည်၏ အေးစက်စက်မှုလေးအတူ မကြာခင်အချိန်မှာ လမ်းဘေးမှ ကားသံမှတပါး ဟိုတည်တခုလုံးတိတ်ဆိတ်ငြိမ်သက်လျှက်….

Sunday, August 26, 2012

“မလွမ်းဘယ်သူရှိပါ့မလဲ”

တိတ်ဆိတ်ငြိမ်သက်နေတဲ့ {LODGE OASIS} ဟိုတယ်ရဲ့ အခန်းတနေရာမှာ အတွေးပေါင်းများစွာနဲ့ ဗာရာဏသီရဲ့ လွမ်းမောဘွယ်ရာလေးကို တွေးရင်း အမိ မြန်မာပြည်ပြန်တော့မယ် ဆိုတော့ သူငယ်ချင်းတွေ လာရောက်နှုတ်ဆက်ကြတာလေးကို အတွေးထဲမှာထင်ဟပ်လို့ “အင်တာနက်အိမ်လေးရဲ့” စည်ကားပုံလေးကို ပြန်လည် အသက်ဝင်နေမိတယ်ပေါ့။ ခွဲရတော့မယ်ဆိုတဲ့ အသိတရားလေးတွေက ဟိုခပ်ဝေးဝေးမှ သံယောဇဉ် ကြီးတတ်သူတွေကလည်း လာရောက် နှုတ်ဆက်ခဲ့ကြတာလေးတွေကိုလည်း တွေးနေမိတယ် ။ အင်တာနေရှင်နယ်လေဆိပ်ရဲ့ လမ်းမကြီးမှ အဆက်မပြတ်ကားဟွန်းသီးသံကြောင့် အတွေးစကို ခဏနားပြီး တံခါးဖွင့်ကြည့်လိုက်မိခဲ့တယ်။ အိန္ဒိယနိုင်ငံရဲ့လူဦးရေ ထူထပ်ပေါများလှတဲ့နေရာတခုမှာ လူပေါင်းစုံလဲနေထိုင်သွားလာလှုပ်ရှားလို့ နေတာတွေ့ရတယ်။ ဘာရယ်တော့မဟုတ်။ ထုံးစံအတိုင်း ယဉ်ကြောလိုင်းများပိတ်ဆို့နေ၍ ကားဟွန်းသံသည် ငှက်ဆိုးထိုးသွအလား.ကျယ်လောင်စွာတီးလျှက်မို့ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်သည်။ အပြင်ခဏထွက်လိုက်ချိန်မှာ ပြင်ပလေနုတချက်တိုးဝှေ့မှုနဲ့ ရာသီဥတုသည်လည်း အထက်ကောင်းကင်မှာညိုရောင်မှိုင်းလို့ မိုးရွာတော့မည်မို့ အထဲသို့ ပြန်ဝင်လာချိန်မှာ အခန်းတွင်းမှာလည်း အဲယားကွန်းရဲ့ မညီညာသောသံစုံတီးလုံးသံတို့မှတပါး တိတ်ဆိတ်ငြိမ်သက်လျှက် မိမိလည်း တွေးလက်စအတွေးကို ဆက်လက်တွေးနေမိသည်။ လူသားတိုင်းလူသားတိုင်းမှာ ခင်မင်မှုသံယောဇဉ်ရှိတတ်ကြစမြဲ အချိန်တန်ရင် လမ်းခွဲရမှာပါလားလို့ လမ်းခွဲရပေမဲ့လဲ တနေ့နေ့တချိန်ပြန်လည်ဆုံဆည်းခွင့်ဆိုတာ ရှိလာမှာပါပဲလေဆိုပြီး အဖြည့်တွေးတွေးပြီး မနက်ဖြန်ဆိုတဲ့အချိန်ဟာ အိန္ဒိယနိုင်ငံကနေ ထွက်ခွာခဲ့ရတော့မယ်လို့တွေးနေမိပါရဲ့..။ ဗာရာဏသီရဲ့ နှုတ်ဆက်စရာ ဦးတင်ချစရာ မိဂဒါဝုန်သို့အပြေးလွှားချီတတ်ပြီး အိပ်သို့ပြန်လာခဲ့သည်။ ခဏနေပြီး မိမိရဲ့ မိသားစုသဖွယ်ဖြစ်ခဲ့သည့် ညီမငယ်များကို နှုတ်ဆက်ရန်လည်း ကျန်ခဲ့သေးသည်မို့ သွားခဲ့ရသေးတယ်ပေါ့။ မိမိအတွက် ရထားပေါ် တရက်တိတိခံသော ပူတီများကို ညီမငယ်ဂျိုတီးဂျန်းမှ စားသောက်ရန် ပြုလုပ်ပေးထားသည်။ သေချာကျနစွာ ကြာရှည်ခံစေသော ငွေရောင်စက္ကူဖြင့် ထုတ်လို့ မိမိ၏ မြန်မာပြည်မယ်တော်ကြီးအတွက် ဆာရီစနှင့် ခြုံပုဝါတထည်လက်ဆောင်ပေးလို့ မိမိအတွက် ခြုံထည်တထည် မိသားစုမှ အမှတ်တရ အလှူတခု အိန္ဒိယနိုင်ငံမှာနေစဉ် မိသားစုရဲ့ အမှတ်တရလေးတွေ အကြိမ်များစွာရရှိခဲ့တယ်ပေါ့။ ထိုည(၂၅.၈.၂၀၁၂)ညတနာရီ၅၅ မိနစ်အချိန်သို့သော် (၂၆.၈.၂၀၁၂)သို့ရောက်ရှိခဲ့သည် ကာလကတ္တားမြို့သို့ ရထားဖြင့် ခရီးထွက်ရတော့မည်မို့ ထိုအိမ်မှာပဲ မွန်ဂိုစလိုက်ဘူတာသို့ လိုက်ပို့ပေးခဲ့သည်။ နာရီတို့သည် တစထက်တစ ဗာရာဏသီရွှေမြို့တော်ကြီးနဲ့ ခွဲခွာဘို့ နီးလာခဲ့ချေပြီ။ ည၁၂ နာရီကျော်သည်နှင့် ခရီးထွက်ရန်ပြင်ဆင်ရတော့၏ မကြာချေ ကားရောက်လာသည်။ ကားရောက်လာသည်နှင့် ဗာရာဏသီမြို့ကြီးနှင့်ခွဲခွာဘို့ တိုက်တွန်းနေသည့်အလား ခွဲခွာရတော့မှာမို့ ရင်ထဲမှာ မွန်းကြပ်လျှက်။ လိုက်ပို့သူများကတော့  ရှင်ဂျွန်နှင့် ကိုယဿ တို့ ၂ပါး အိပ်ရေးပျက်သည်ကိုပဓာနမထားပဲ မအိပ်ပဲ ထိုင်စောင့်နေ၏။ အင်တာနက်စာမျက်နှာကို လှန်လှောနေမိရင်း စောင့်နေမိ၏။ ကားရောက်လာသည်နှင့် ပစ္စည်းများတင်ခဲ့သည်။ နေရစ်ပေဦးတော့ အင်တာနက်အိမ်လေးရေ ဆိုပြီး ရင်ထဲမှဆို့နင့်မှုနဲ့အတူ နှုတ်ဆက်ခဲ့ရတယ်ပေါ့။ ကားလေးသည် အာရှပူရ်သို့ဦးတည်လျှက် မောင်းနှင်နေ၏။ ညအချိန်လင့်နေသည်မို့ ကားလမ်းအနေအထားရှင်းနေ၏။ ကျိုးကြားတစီးစ ၂ စီးစတွေ့ရ၏။ထိုမှ ဗာရာဏသီမြို့တော်၏ ဟိန္ဒိလူမျိုးတို့၏ အဓိကအားထားရာဂင်္ဂါတံတားကို ဖြတ်လို့ ဂင်္ဂါမြစ်ရဲ့ ညရှုခင်းသည်လည်း မီးရောင်များမြိုင်ဆိုင်လို့ ဗာရာဏသီမြို့ရဲ့ကျက်သရေကိုဆောင်နေတော့၏။ ဟိုမှာဘက်ကမ်းမှာတော့ ရာမနန်းတော်ပြတိုက်ကတော့ မှုန်ပြပြမီးတောက်လေးများလင်းလို့ မိမိကားလေးကတော့ သူ့တာဝန်ပေးရာ မွန်ဂိုစလိုက်ဘူတာသို့ဦးတည်လျှက် အချိန်အားဖြင့် တနာရီကျော်နေပြီ ကဲ ကားသမားမောင်အာကျယ်ရေ “ဂျလဒိ ကျလိုး”လို့ နောက်ကနေ ပြောလိုက်မိတော့၏။ တကယ်လို့ရထားသာမမှီတော့ရင် ၂၇ ရက်နေ့ လေယာဉ်စီးဘို့သည်လည်းမလွယ်ကူလှ။ ကားလီဗာကို နင်းလိုက်တဲ့အရှိန်ကြောင့် ရှင်ဂျွန်တယောက် ငိုက်ရာမှ နိုးလျှက် မကြာခင် မွန်ဂိုစလိုက်ဘူတာသို့ ကားလေးသည် သူ့တာဝန်ကျေပြွန်ပြီမို့ ထိုးရပ်လေတော့၏။

Tuesday, August 21, 2012

"နှုတ်ဆက်တော့မည် ဗာရာဏသီ"

ဗာရာဏသီနေ့ရက်များ အနေကြာလာခဲ့သည်နှင့်အမျှ မကြာခင်ခွဲရတော့မယ်ဆိုတဲ့ အသိစိတ်။ အမိတက္ကသိုလ်ကြီး၏ ခေါင်းလောင်းသံသည်လည်း တိတ်ဆိတ်ငြိမ်သက်ဆဲ ငြိမ်သက်မြဲမို့ ခွဲရတော့မည်ဆိုတာ သိနေပြီပဲ သံယောဇဉ်ကြိုးလေးတွေ ရစ်ချည်ခဲ့သမျှကို အပြီးပိုင်နှုတ်ဆက်ခွဲထွက်ခဲ့ရပေမဲ့ ရင်ထဲမှာ ဟာတာတာနဲ့ မေ့နိုင်အောင်ကြိုးစားရတော့မယ်။ တူတူနေခဲ့ဘူးတဲ့ သူငယ်ချင်းများ လက်ပြနှုတ်ဆက်ရတော့မယ်မို့ အပြန်ခရီးမှာ အောက်မေ့တသခြင်းတွေရယ် မေ့မရနိုင်အောင်ထားရှိဘူးခဲ့တဲ့ မေတ္တာတရားတွေကို သူတယောက်သိပါစေတော့လေ။ နှစ်တိုင်းပြန်နေကြလိုတော့မဟုတ်ခဲ့။ ဒီနှစ်အပြန်ခရီးမှာ ရင်ထဲမှာ အတော်လေး ခံစားနေမိတယ်ပေါ့။ ပြန်မလာတော့ဘူးဆိုတဲ့ သံဒိဋ္ဌာန်ချလိုက်လို့ပဲ။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ခေါင်းလောင်းသံကို ကြားနိုင်စွမ်းမရှိတော့သလို ဗာရာဏသီရွှေမြို့တော်ကြီးနဲ့ (ဘုရားဖူးများလာခဲ့ရင်)မှတပါး မလာနိုင်တော့ ခေါင်းလောင်းသံသည် ဘယ်သောအခါ ဘယ်အချိန်ကြမှ ကြားရမှန်းမသိခဲ့တော့ အိမ်တွင်းပုန်းကုလားမ လုပ်နေတတ်တဲ့ မိမိ။ မိမိတက္ကသိုလ်ကိုသာ သံယောဇဉ်ကြီးစွာနဲ့ စောင့်ဆိုင်းခြင်းသည် မဟာအမှားကြီးဖြစ်ခဲ့ရတယ်။ အမှန်တော့ ဗီဇာ ၂ နှစ်ခွဲအတွင်းမှာ ခေါင်းလောင်းသံကြားရမည်ဆိုတဲ့ အသိစိတ်ကြောင့်ရယ် ရိုးစဉ်းစွာဝန်ခံရရင် မိမိတက္ကသိုလ်အပေါ်ယုံကြည်မှုတွေ ထားလွန်းခြင်း၏ အကျိုးကတော့ ဗီဇာ ၂ နှစ်ခွဲ ကုန်လို့မှ (PH.D)ကျောင်းသားတယောက် ဖြစ်ခွင့်မရခဲ့တော့ တက္ကသိုလ်အပြစ်လဲ မဟုတ်ခဲ့သလို မိမိလည်း မိမိတက္ကသိုလ်အပေါ် အားကိုးမှုကြောင့် ခုတော့ အချိန်တန် အိမ်ပြန်ရုံမှတပါး အခြားမရှိတော့။ မိမိနည်းတူ ဗီဇာကုန်လို့ မြန်မာပြည်မှ စောင့်ဆိုင်းနေကြသော သူငယ်ချင်းများ မိမိလည်း ခုတော့ ဗီဇာကုန်လို့ ပြန်လာခဲ့ရပြီပေါ့။ ခေါင်းလောင်းသံကတော့ ၂၀၁၂ ကုန်တဲ့ထိမသေခြာခဲ့။ ၂၀၁၃ တောင် ဘယ်လ ဘယ်နေ့ဘယ်ရက်ဆိုတာ တက္ကသိုလ်အုပ်ချုပ်သော ဆရာ(ဂုရုကြီး)များသည်ပင် မပြောနိုင်သမျှ ခေါင်းလောင်းသံသည် တိတ်ဆိတ်ငြိမ်သက်လျှက်မို့..

Saturday, August 11, 2012

“မိုးနဲ့ အတူ” အချိန်တန်တော့လဲ အိမ်ပြန်ရုံမှတပါး


နေသည်သာလျှက်ရှိ၏ သို့သော်မကြာလိုက်ချေ။ ကောင်းကင်တပြင်လုံး မဲရောင်သန်းလာကာ ဘယ်အငြိုးတေးရယ်ကြောင့်မသိခဲ့ မိုးသည် သဲသဲမဲမဲရွာချနေမိသည်။ ၀န်းကျဉ်တခုလုံးဘာမှမမြင်ရတော့ လေတွေလဲတိုက်ပါဘိနှယ်။ မထင်မှတ်ပဲ ဗာရာဏသီမိုးနေ့တွေ များနေခဲ့ပြီ ခုတလော မီတာခတွေ သက်သာနေခဲ့ချေ၏။ ကိုလာလဲ နားနေရ၏။ လေပန်ကာသည်လည်း ပျင်းနေရော့မည်။ ပျင်းပျင်းရှိတာနဲ့ ဖေ့ဘုတ်စာမျက်နှာများ မွှေနှောက်ကာ ကြည့်နေမိတော့သည်။ ဗာရာဏသီမြို့၏ မိုးနေ့တွေများလို့နေ၏။ မချိန်းပဲလဲရွာတတ်၏။ တခါတရံ နေပူမရှောင် မိုးသည်ရွာချတတ်၏။ မိုးရွာလိုက်သည်နှင့် မဇ္ဈိမသားတို့ ကြက်ပျောက် ငှက်ပျောက်ပျောက်ကုန်ကြ၏။ သူတို့သည် မိုးကိုကြောက်၏။ မနေ့ကလဲ မထင်မှတ်ပဲ စရဏဘူတာဘက်အပျင်းပြေ သွားခဲ့၏။ မချိန်းပဲရွာလိုက်ရတဲ့မိုး။ ရွှဲရွှဲစိုကာသွားခဲ့၏။ တက္ကသိုလ်၏ခေါင်းလောင်းသံသည်လည်း မကြားရသေး။ အချိန်တို့သည် ကြာလာသည်နှင့်အမျှ ဒီနေ့ဖြစ်နိုး ဟိုနေ့ဖြစ်နိုး နဲ့ ကြာလာတော့ ရူးချင်လို့လာခဲ့သည်။ စောင့်ဆိုင်းရသောနေ့ရက်များသည်.နေ့မှသည် လသို့…။ လမှသည်နှစ်သို့..။နှစ်မှသည် ၂နှစ်သို့ အချိန်တွေသာ ကြာညောင်းလို့လာခဲ့သည် တက္ကသိုလ်ခေါင်းလောင်းသံကတော့ တိတ်ဆိတ်ငြိမ်သက်လို့နေ၏။မသေခြာခဲ့.။နောက်နှစ်ဆိုတာလဲ မသေခြာ။ ဘယ်လိုလုပ်တော့မလဲ အတွေးစကို ရင်ဝယ်ပိုက်ပြီး တနေ့တော့ဖြစ်လာမှာပါ ဆိုတဲ့ ကိုသန်းနိုင်သီချင်းတပုဒ်ကို ပြန်လည်ကြားယောင်လို့လာခဲ့။ ဒီလိုနဲ့ ပေးထားတဲ့ ဗီဇာသည်လည်း မကြာမီ သက်တမ်းကုန်တော့မည်မို့ ဋ္ဌာနေပြန်ရန် တွေးရပေတော့မည်။ မိမိကဲ့သို့ စောင့်ဆိုင်းနေကြသည့် သူငယ်ချင်းတွေလဲရှိကြသည်။ တချို့မြန်မာပြည်မှာ လိပ်ခဲတင်းလင်းစောင့်နေကြသည်။ ဗီဇာတော့မရှိကြတော့ တချို့ တိုးရစ်ဗီဇာနဲ့ပြန်လို့လာခဲ့ကြချေပြီ။ သူတို့တွေနဲ့စာမိရင်တော့ အကောင်းသားပါလားလို့တွေးမိခဲ့သည်။ ခုတော့ မိမိလည်း မကြာခင် ဗီဇာကုန်တော့မည်။ ရွှေမန်းကိုတင်မောင်သီချင်းကိုလည်း ငယ်စဉ်ကကြားဘူးခဲ့သလို ကျနော်လည်း ထိုနည်း၎င်း ထိုနည်း၎င်း။ဖြစ်တော့မည်။ ပြန်ဘို့ တာဆူရုံမှတပါး အခြားမရှိတော့။ပြန်ပြန်တော့လဲ ဒုတိယ၀ါအမှီပြန်ဘို့စဉ်းစားရတော့မည်။ အင်း .ခက်နေသည်ကား ခုထိဘာမှမသေခြာ မရေရာသေးတဲ့ တက္ကသိုလ်ကြီးကို အပြီးပိုင်နှုတ်ဆက်လို့ လမ်းခွဲလိုက်တော့မယ်။ ရဟန္တာတွေ စတင်ဖြစ်ပေါ်ခဲ့သည့် သံဃာရတနာစတင်ပေါ်ပေါက်ရာ မြေမြတ်မဟာနဲ့ ဗာရာဏသီရွှေမြို့တော်ကြီးနဲ့လမ်းခွဲခဲ့ရပေမဲ့ မိမိရင်ထဲမှာတော့ အမှတ်ရနေစရာတွေ ရှိနေစမြဲပါ။ လမ်းကြုံခဲ့ရင်တော့ ပြန်လည်တွေ့ဆုံခွင့်လေးတွေရှိနေအုံးမှာပါပဲလေ။ အချိန်တို့ကြာလာခဲ့သည်နှင့်အမျှ နေခဲ့တဲ့နေရာဟောင်းလေးတွေ တက်ခဲ့ဘူးတဲ့ တက္ကသိုလ်ရဲ့ စာသင်ခန်းမလေးများကို လွမ်းနေဆဲ လွမ်းနေလျက်ပါ လို့ မိမိတို့ ( M.A)ဘွဲ့ (၂၀၀၉)ခု ရယူပြီးသည်နှင့်တပြိုင်နက် တက္ကသိုလ်၏ စည်းမျဉ်းတွေသည် ပြောင်းလွဲလိုက်သည်နှင့် ၂၀၁၀ ခုနှစ် မိမိ(synopsis) တင်ပြီးကထဲက ယခုချိန်ထိ ဆရာများကိုယ်တိုင်က ဘာမှအတိကျမပြောနိုင်သေးဟု အားရစရာကောင်းလှသော စောင့်ဆိုင်းရကျိုးသည်  မကြာခင်ဗီဇာလည်း နိဋ္ဌံတံ။ မိမိလည်း နိဋ္ဌိတံလို့ အချိန်တန် အိမ်ပြန်ရပေမဲ့ လွမ်းမြဲလွမ်းနေလျှက်ပါ လို့…။

Friday, August 3, 2012

ဝါဆိုဝါကပ်ရခြင်းအကြောင်းများ

ဒီနေ့ အမိမြန်မာပြည်မှာတော့ ၀ါဆိုဝါကပ်တဲ့နေ့ပေါ့။ ၀ါဆိုဝါကပ်ခြင်းအကြောင်းမှာ မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းသီတင်းသုံးနေတော်မူစဉ် ရဟန်းတို့အား ၀ါဆိုဝါကပ် ပညတ်တော်မမူသေးသောကြောင့် ရဟန်းတော်တို့သည် နွေ.မိုး.ဆောင်းဥတု ၃ ပါးလုံးဒေသစာရီလှည့်လည်တော်မူခဲ့ကြသည်။ လူတို့သည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ''အဘယ်ကြောင့် ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန်လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်စေ၍ ဒေသစာရီ လှည့်လည်ကုန်ဘိသနည်း၊ မကောင်းသဖြင့် ဟောအပ်သော တရားရှိသော သာသနာတော်မှ တစ်ပါးသော အယူရှိသော တိတ္ထိတို့သော်မှလည်း မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ ကိန်းအောင်းနေထိုင်ကြကုန်သေး၏၊ ငှက်တို့သော်မှလည်း သစ်ပင်ဖျားတို့၌ အသိုက်ပြုကာ မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ မြဲစွဲစွာ နေကြကုန်သေး၏။ ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်သော ရဟန်းတို့သည်ကား ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန် လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါ တို့ကို ပျက်စီးခြင်းသို့ ရောက်စေလျက် ဒေသစာရီ လှည့်လည်ကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသောအခါ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့အား ''ရဟန်းတို့ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။
ထိုအခါ ရဟန်းတို့အား ''အဘယ်အခါ၌ ဝါကပ်အပ်ပါသနည်း''ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့ မိုးလ၌ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့အား ''ဝါကပ်ခြင်းတို့သည် အဘယ်မျှ ရှိကုန်သနည်း''ဟု အကြံဖြစ်၏။ မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ပုရိမဝါကပ်ခြင်း၊ ပစ္ဆိမဝါကပ်ခြင်းဟူ၍ နှစ်မျိုးရှိကုန်၏။ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ပုရိမဝါကပ်ရမည်၊ ဝါဆိုလပြည့် နေ့မှ တစ်လလွန်ပြီးသော လပြည့်ကျော်တစ်ရက် 'ဝါခေါင်လပြည့်ကျော်တစ်ရက်' နေ့၌ ပစ္ဆိမဝါကပ်ရမည်၊ ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒီနှစ်သည် ၀ါထပ်ခြင်းကြောင့် ပုရိမ၀ါကပ်ကြရသည်။ ၀ါခေါင်လပြည့်ကျော်တရက်နေ့ ၀ါဆိုဝါကပ်ပြီး တန်ဆောင်မုန်းလပြည့်နေ့မှ ၀ါကျွတ်သည်။ ၀ါကပ်ရာတွင် ကျောင်းလို့အမည်ရမှ ၀ါကပ်ရမည်ဟု မဟုတ်ချေ။ မြတ်စွာဘုရားသည် ၀ါဆိုရာ ဋ္ဌာန များ သတ်မှတ်ပေးထားခဲ့သည်။ လှည်း, လှေ,နွားခြံ တို့နေရာ သည်လည်း ၀ါဆိုဝါကပ်ခွင့် ပေးထားခဲ့၏။တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နွားကျောင်းသားတို့၏ နေရာ၌ ဝါကပ်ခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ နွားကျောင်းသားတို့၏ နေရာ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။ နွားကျောင်းသားတို့၏ နေရာသည် ပြောင်းရွှေ့၏။ မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ နွားကျောင်းသားတို့၏ နေရာရှိရာသို့ ကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
 ရဟန်းတစ်ပါးသည် ဝါဆိုရန် အချိန်အခါ နီးလတ်သော် လှည်းကုန်သည်နှင့် သွားခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လှည်း၌ ဝါကပ်ခြင်းငှါခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
 ရဟန်းတစ်ပါးသည် ဝါဆိုရန် အချိန်အခါ နီးလတ်သော် လှေဖြင့် သွားခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လှေ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။ မိမိ ကိုရင်ဘ၀က သာမဏေသကျသီဟ လုပ်စဉ်အခါက စာချဘုန်းကြီးသည် မှတ်လွှယ်စေရန် ဆောင်ပုဒ်လေးလုပ်ပေးထားခဲ့သည်။ စာမေးပွဲအတွင်းဝယ် အလွယ်တကူအမှတ်ရစေရန်ဖြစ်၏။ {လှည်း,လှေ,နွားခြံ ဤ ၃ တန် မှတ်ရန်ဝါကပ်ကောင်း} ဟု သင်ပေးခဲ့ဘူးသည်။ ယနေ့ထိ ရနေသည်ကို အမှတ်တရ ရေးသားတင်ပြလိုက်ပါ၏။ ၀ါမကပ်သင့်သောနေရာများမှာလည်း မြတ်စွာဘုရားသည် မိန့်တော့်မူခဲ့လေ၏။ သစ်ခေါင်း,သစ်ခွ,လွင်တီးခေါင်,အမိုးမရှိသောနေရာ=ကျောင်းအိပ်ယာ နေရာမရှိသောနေရာ, သူသေကောင်ဖုတ်ရာနေရာတဲ, ထီး, အိုးစရည်း ဤ နေရာ ၇ နေရာကို ၀ါမကပ်ရန်မိန့်မှာတော်မူခဲ့သည်= ပညတ်တော်မူခဲ့သည်။ ဤ ၀ါမကပ်ရတဲ့နေရာဋ္ဌာနများကို မိမိရဲ့ စာချ ဘုန်းကြီးမှ { သစ်ခေါင်းသစ်ခွ မှတ်ကြလေပါ လွင်တီးခေါင်လည်း မရှိဝိဟာ သူသေကောင်ဖုန် တဲကုတ်တဖြာ မကပ်ရ ဆတ္ထ အိုးစရည်းမှာ}လို့ ဆောင်ပုဒ်လေးများသီကုံးပေးခဲ့သည်။ မိမိကိုရင် ၁၇ နှစ်သားအရွယ်က စာချဘုန်းတော်ကြီးများ သင်ကြားပေးခဲ့ဘူးသည်ကို အမှတ်ရစေခဲ့သည်။
မြတ်စွာဘုရားသည် ထိုဝါမကပ်သင့်သည်နေရာဋ္ဌာနတွေမှာလည်း အကြောင်းတရားတွေရှိခဲ့ခြင်းကြောင့်  ၀ါဆို ၀ါကပ်ခွင့်မပေးခဲ့ခြင်းဖြစ်သည်။တစ်ရံရောအခါ ရဟန်းတို့သည် သစ်ခေါင်း၌ ဝါကပ်ကုန်၏။ လူတို့သည် ''ဘီလူးငယ်တို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်း ကို လျှောက်ကြကုန်၏။ ရဟန်းတို့ သစ်ခေါင်း၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် သစ်ပင်ခွ၌ ဝါကပ်ကုန်၏။ လူတို့သည် ''သားမုဆိုးတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်း ကို လျှောက်ကြကုန်၏။ ရဟန်းတို့ သစ်ပင်ခွ၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် လွင်တီးခေါင်၌ ဝါကပ်ကုန်၏။ မိုးရွာသည်ရှိသော် သစ်ပင်ရင်းသို့လည်းကောင်း၊ တံစက်မြိတ်သို့လည်းကောင်း ပြေးကပ်ကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လွင်တီးခေါင်၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် ကျောင်း အိပ်ရာ နေရာ မရှိဘဲ ဝါကပ်ကုန်၏။ အချမ်းကြောင့်လည်းကောင်း၊ အပူကြောင့်လည်းကောင်း ပင်ပန်းကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။ ရဟန်းတို့ ကျောင်း အိပ်ရာ နေရာ မရှိဘဲ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ် အာပတ် သင့်၏ဟု (မိန့် တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် သူသေကောင်ထားရာတဲ၌ ဝါကပ်ကုန်၏။ လူတို့သည် ''သူသေ ကောင်ကို မီးဖုတ်သော သူတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ သူသေကောင်ထားရာတဲ၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် ထီး၌ ဝါကပ်ကုန်၏၊ လူတို့သည် ''နွားကျောင်းသားတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်း ကို လျှောက်ကြကုန်၏။ ရဟန်းတို့ ထီး၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် အိုးစရည်းကြီး၌ ဝါကပ်ကုန်၏။ လူတို့သည် ''တိတ္ထိတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ အိုးစရည်းကြီး၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ မိမိတို့မှာတော့ ၀ါဆိုရာ ကျောင်းဟု မဟုတ်သော်ငြားလည်း မိမိငှားနေသော အိမ်ကိုသာ ၀ါဆိုဝါကပ်ခဲ့ရပေသည်။ ၀ါဆိုရန် ရွတ်ဆိုရသော ပါဠိတော်မှာ “ဣမသ္မိံ ၀ိဟာရေ ဣမံ တေမာသံ ၀ဿံဥပေမိ” လို့ ၃ ကြိမ်၃ ခါရွတ်ဆိုရသည်။ ရှင်းလင်းချက်။ ဤကျောင်းတိုက်မှာ ၀ါတွင်း၃ လပတ်လုံး ၀ါကပ်ပါ၏။ လို့ဆိုလိုပါ၏။ မိမိတို့မှာတော့ “ဣမသ္မိံ ဂေဟေ ဣမံ တေမာသံ ၀ဿံ ဥပေမိ” လို့ ၀ါဆိုဝါကပ်ခဲ့ရသည်။ ၀ါတွင်းကာလမှာ ဤကျောင်းတိုက်မှာဝါတွင်း ၃လပတ်လုံး နေထိုင်ပါမည်ဟု ရွတ်ဆိုကြခြင်းဖြစ်၏။ မိမိတို့မှာတော့ ဤ အိမ်မှာ ၀ါတွင်း၃ လ ပတ်လုံး နေထိုင်ပါမည်ဟု ရွတ်ဆိုမှုပြုလိုက်ရတော့၏။ ၀ါတွင်းမှာလည်း ခြွင်းချက်အနေနဲ့ မြတ်စွာဘုရားသည်။ တုံ ၃ တုံ တဲ့ ။ဒါနဉ္စ ဒါတုံ။ ဓမ္မဉ္စ သောတုံ။ ဘိက္ခုစ ပဿိတုံ။  အလှူပေးခြင်းငှာလည်းကောင်း။ တရားတော်ကို နာယူခြင်းငှာလည်းကောင်း။ ရဟန်းသံဃာအားဖူးမြင်ခြင်းငှာလည်းကောင်း ၀ါတွင်းကာလမှာ သွားဘို့ အနုပညတ်အနေနဲ့ ခွင့်ပြုခဲ့သည်။ ၀ါတွင်းကာလ မှာ ၀ါကျိုးဝါပျက်ခြင်းသည် ဒုက္ကဋ်အာပတ်သာသင့်စေသည်။ မသိနားမလည်သော လူအချို့သည် ၀ါကျိုးဝါပျက်ခြင်းကိုပင် အပြစ်ကြီးတခု ဟု ယူဆနေကြ၏။ အမှန်စင်စစ် ဒုက္ကဋ်အာပတ်သည် ဒေသနာကြားက ပျောက်နိုင်သည်။ (လူအများသိစေရန်) သာဖြစ်ပါ၏။

Thursday, August 2, 2012

ဓမ္မစကြ်ာဟောတော်မူရာနေ့ အမှတ်တရ မိမိတို့ကျောင်းသားတွေမှလည်း

ဗာရာဏသီမြို့ရှိ တက္ကသိုလ်၂ ခုမှ ညီညွတ်စွာ ဓမ္မစကြ်ာရွတ်ဖတ်နေကြပါ၏။

ဓမ္မစကြ်ာရွတ်အပြီး ကိုဂင်္ဂါ နှင့်အတူပေါ့
ဒီနေ့ မြတ်စွာဘုရားရှင်သည် ဓမ္မစကြ်ာသုတ်ကိုဟောတော်မူသောနေ့ဖြစ်၏။ “ ဘိက္ခုနံ ပဉ္စ၀ဂ္ဂီနံ အိသိပတန နာမကေ မိဂဒါယေ ဓမ္မ ၀ရံ ယံ တံ နိဗ္ဖာန ပါပကံ” အစရှိသည်ဖြင့် ဓမ္မစကြ်ာသုတ် ကိုဟောတော်မူခဲ့သည်။ နေရာကား မိမိတို့နေထိုင်ရာနှင့် မလှမ်းမကမ်းမှာရှိသည်။ မိမိတို့နေထိုင်ရာသည် မိဂဒါဝုန်တောနှင့် ၂ ကီလိုမျှသာ ဝေးကွာ၏။ ရဟန္တာများ စတင်ပေါ်ပေါက်ရာ သံဃာရတနာစတင်ပေါ်ပေါက်ခဲ့ရာ မြေမြတ်မဟာ ဖြစ်သည်။ သစ္စာတရား ထွန်းကာခဲ့ရာ မြေမြတ်မဟာမှာ ဒီနှစ်ဝါကပ်ရပေမည်။ ဒီနေ့ဆိုရင် အမိမြန်မာပြည်မှာ ဘုရားတွေမှာ လူများပြည့်ကြပ်လို့ ဗုဒ္ဒဘာသာတို့ အမွန်မြတ်ဆုံးနေ့တနေ့ဆိုကမှားအံ့မည်မထင်။ တချို့ ရုံးတွေ ပိတ်ရက်မို့ သံဃာတော်များ မိမိအိမ်သို့ပင့်ဆောင်ပြီး ၀ါဆိုသင်္ကန်းများဆပ်ကပ်ကြမည်။ တချို့ရုံးတွေမှာ လည်း ပင့်ကပ်တတ်ကြ၏။ အင်မတန်ချစ်စရာကောင်းသော မြန်မာပြည်ရဲ့ ဓလေ့ထုံးတမ်းဖြစ်၏။ မိမိတို့ နိုင်ငံရပ်ခြားမှာ တနည်း သစ္စာတရားထွန်းကာခဲ့ရာ မြေမြတ်မဟာပေမင့် ၀ါဆိုသင်္ကန်းဝေးစွ။ သို့သော် အမှတ်တရ ကုသိုလ်ထူးလေးတော့ ရင်ဝယ်ပိုက်ခဲ့ရပြီ။ ဗာရာဏသီမြို့ရှိ တက္ကသိုလ် ၂ခု မှ သံဃာတော်များ ဆေးဝင်္ကဘာမြန်မာကျောင်းမှာ စုပြီး မြန်မာပြည်ကို အမှတ်တရ လွမ်းဆွတ်ခြင်း, သစ္စာတရားထွန်းကားခဲ့ရမြေမြတ်မဟာမှာ  မြတ်စွာဘုရားရှင်ကို အောက်မေ့တသအမှတ်တရ အဖြစ် တက္ကသိုလ်၂ခုတို့ M.A.့ ပထမနှစ်သံဃာတော်မှား.ဒုတိယနှစ်သံဃာတော်များ။ PH.D စောင့်ဆိုင်းနေသော သံဃာတော်များ.တချို့ ကျမ်းတင်ရန် စောင့်နေကြသော သံဃာတော်များ. တချို့တင်ဆဲ viva ထိုင်ရန်စောင့်နေသောသံဃာတော်များ အပါး ၆၀ ခန့်တို့သည် ဆေးဝင်္ကဘာမြန်မာကျောင်း၌ စုပေါင်းညီညာစွာ ဓမ္မစကြ်ာရွတ်ဖတ်ကာ အမှတ်တရ ကုသိုလ်လေး ပြုလိုက်မိပါ၏။ မိမိအိမ်မှာရွတ်လဲ ရသော်ငြားလည်း မိဂဒါဝုန်တော ဓမ္မေခ စေတီတော်အတွင်း၌ ရွတ်လဲရပါသော်လည်း ညီညွတ်ရေး အဖြစ် စုပေါင်းသံပြိုင်ရွတ်ဆိုခဲ့ကြသည်။

Saturday, July 28, 2012

PH.D ကျောင်းသားတယောက်ရဲ့ ရင်ထဲမှာ

တနေ့က အမိတက္ကသိုလ်မှ ဆရာ(ဂုရုကြီး)တွေ သွားတွေ့လိုက်တယ်။ ဒီလကုန် PH.D ကျောင်းသားတယောက်ဖြစ်ဘို့ ရေးဖြေဖြေရမယ်ဆိုလို့ပေါ့။ သို့သော် အတိကျမသိခဲ့ရပါ။ ဆရာ တယောက်ဆီ ၀င်ရောက်မေးလိုက်တယ်။ ရက်အကန့်သတ်မရှိပါတဲ့ သူတို့လဲ ဘာမှမသိပါတဲ့လေ။ ခု အမိတက္ကသိုလ်သည် အစိုးရပိုင်ဆိုင်သည်တဲ့။ သူတို့လုပ်ပိုင်ခွင့်ဆိုတာမရှိတဲ့။ မိမိမှတ်မှတ်ရရ (ဗီဇာလေး ၂နှစ်ခွဲ) ရခဲ့လို့ ၁၅.၆.၂၀၁၀ နေ့ကပေါ့ ပျော်နေမိတယ်။ မနှစ်ကလဲ ၁၀ လကျော်ကျော် လာရောက်စောင့်ဆိုင်းခဲ့ပေမဲ့ အချိန်တန် အိမ်ကိုပြန်ခဲ့ရတယ်။ ဒီနှစ်လဲ စောင့်နေဆဲပါ မကြာခင် ၁၀ လ ပိုင်းဆိုရင် ဗီဇာကကုန်တော့မယ်။ ခုထိ PH.D ကျောင်းသားဆိုတာ မဖြစ်ခဲ့သေး။ အမှန်တော့ PH.D ကျောင်းသားတယောက်ရဲ့ မျှော်လင့်ရတဲ့အလုပ်တခုမလွယ်ရေးခြာ မလွယ်ကူလှ။ PH.D ကျောင်းသားသည် ဆရာတယောက်ကို ကျောင်းသား ၅ ယောက်သာလက်ခံခွင့်ရှိခဲ့တယ်။ မိမိတို့ပါဠိဋ္ဌာနမှ ဆရာက ၃ ယောက်ရှိတယ်ပေါ့။ မိမိတင်ခဲ့တဲ့ synopsis တင်ခဲ့တဲ့နှစ်သည် ၂၀၁၀ ခု နှစ်ကထဲက မိမိကဲ့သို့ PH.D ကျောင်းသားဖြစ်ဘို့ စောင့်ဆိုင်းနေကြရတဲ့ ကျောင်းသားတွေက ဒုနဲ့ဒေးပါ။ စုစုပေါင်း ၄၅ပါးပေါ့။ တချို့အမိမြန်မာပြည်မှာ တချို့ကြပြန်တော့လဲ မိမိကဲ့သို့ အိန္ဒိယနိုင်ငံရဲ့ ရာသီဥတု မညီမျှသောနေရာတခုမှာ အေးပြန်ရင်လဲ အရမ်းအေးတဲ့ဒေသ။ ပူပြန်ရင်လဲ အရမ်းပူလွန်းလို့ လက်တွေ ရင်ဘတ်တွေမှာ အပူဒဏ်ကြောင့် ခံခဲ့ရပါတယ်။ တကယ်တော့ PH.D ကျောင်းသားတယောက်ဖြစ်ဘို့ဆိုတာ လွယ်လင့်တကူမဖြစ်နိုင်ပါဘူး။ တချို့ကပြောကြတယ်လေ..။ငွေပေးရင် ရတယ်ဆိုတဲ့ အတွေးပိုင်ရှင်များ ငွေပေးလို့သာရမယ်ဆိုရင် မိမိ ၂ နှစ်တင်းတင်းပြည့်လိုနေခဲ့ပြီပဲ။ တနှစ်အိမ်ငှားးစရိတ် စားစရိတ်နဲ့ တလ ပျမ်းမျှ ဒေါ်လာ ၇၀ လောက်ကုန်ကျစရိတ်ကို “ရော့.အင့် “လို့ ပေးပြီးအမိမြန်မာပြည်မှာ ဒူးနှပ်နေမှာပေါ့။ ကိုယ်တကယ်မခံစားဘူးပါပဲ ငွေပေးရင် ဒေါက်တာရတာပဲဆိုတဲ့ ရွှေပါးစပ်ပိုင်ရှင်များ..ဘယ်သူမဆို အထင်နဲ့ပြောတတ်ကြပါတယ်.။ တကယ်တမ်းခံစားနေရတာက အိန္ဒိယနိုင်ငံမှာရှိတဲ့ မြို့ပေါင်းစုံမှာ နေထိုင်သီတင်းသုံးကာ နေထိုင်နေကြတဲ့ စာသင်သားရဟန်းတော်များအသိဆုံးပါ။ ကိုယ်စာကိုရေး ကိုယ်တေးကိုယ်ဆိုသလို.ဘာမဆို ကိုယ်တိုင် အပူဒဏ်အအေးဒဏ်ခံစားပြီး ကိုယ်တိုင်ချက်ပြုတ် ထမင်း ဟင်း မမည်သော ထမင်း ဟင်းများနဲ့ ဖွယ်ဖွယ်ရာရာ မရှိပေမဲ့ “ငယ်စဉ် ကိုရင်ဘ၀ကရွတ်ဆိုဆင်ခြင်ခဲ့တဲ့ “ဤသည့်စားဖွယ်အမယ်မယ်ကို မြူးရွယ်မာန်ကြွ လှပရေဆင်း ပြည့်ဖြိုးခြင်းငှာ မသုံးပါဘူး..စတဲ့ ဆွမ်းစားရန်ဆင်ခြင်ခဲ့တဲ့ကဗျာလေးကို အမှတ်ရစေခဲ့ပြီး အာဟာရမျှတရုံလေးနဲ့ ဘုဉ်းပေးကာ ပညာသင်နေခဲ့ကြရပါတယ်.။ တခါတရံ အမိမြန်မာပြည်ကို သတိရစိတ်တွေကရင်ထဲမှာ မွန်းကြပ်လို့နေခဲ့ရပါသေးတယ်။ မြတ်စွာဘုရား သစ္စာတရားတွေ ဟောဖေါ်ညွှန်ကြားခဲ့တဲ့ နယ်မြေတခုမှာ အသိတရားခေါင်းပါး ကိုရွှေကုလားတို့နိုင်ငံဖြစ်တဲ့ မဇ္ဈိမဒေသတနေရာမှာ အခက်ခဲလေးတွေ ရင်ဝယ်ပိုက် မတတ်တတ် ကုလားစကားလေးတွေနဲ့ နေနေကြတဲ့ မဇ္ဈိမဒေသ စာသင်သားတွေဟာ နေချင်လို့ ပျော်လို့လို့တော့မထင်လေနဲ့ မိမိတို့ရည်မှန်း မျှော်မှန်းတဲ့ ပန်းတိုင်ရောက်ခဲ့ရင် ရွှေကျောင်းကြီး ဟီးနေအောင်ဆောက်ပေးမယ်လို့ ဆိုခဲ့ရင်တောင် စဉ်းစားကြမဲ့သူတွေချည်းပါပဲ.။ ခု မိမိတို့တက္ကသိုလ်ရဲ့ ၂နှစ်တာစောင့်ဆိုင်းခဲ့သမျှ မကြာခင်အဖြေထွက်လေမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အတူ ခက်တာက မိမိတို့ဆရာတွေသည်ပင်လျှင် အတိကျမပြောနိုင်တာခက်နေမိ၏။ ဆရာတယောက်ကတော့ပြောတယ် ရက်အကန့်သတ်ချက်မရှိတဲ့။ တယောက်ကပြောတော့ ၁၀ လ ပိုင်းအတွင်းလုပ်ပေးမယ်တဲ့။ ကဲ ဗီဇာကလဲ မကြာခင်ကုန်တော့မယ်ဆိုတော့ ကံကောင်းခြင်းလက်ဆောင်တခု ပိုင်ဆိုင်ခဲ့မယ်ဆိုရင်တော့..မဇ္ဈိမဒေသနဲ့ ရေစက်မကုန်ဘူးလို့ ယူဆရမယ်ပေါ့..။ တကယ်လို့များ..

Monday, July 16, 2012

ထူးထူးခြားခြား ဒီနေ့ဘလော့ရောက်လာသူအများဆုံးနေ့တနေ့ပေါ့။

ဒီနေ့ မိမိဘလော့အားလာရောက်လည်ပတ်သူအများဆုံးတွေ့ရပါတယ်။ အမိမြန်မာပြည်မှသူငယ်ချင်း ဒေါက်တာအစ္ဆရိယမှ အမှတ်တရ ပစ္စည်းလေးလူကြုံနဲ့ထည့်ပေးလိုက်လို့ BHU တက္ကသိုလ်မှာလာယူရင်း BHU တက္ကသိုလ်ရောက်ပြန်တော့လဲ မိမိနှင့်နယ်တူဖြစ်သော ဒေါက်တာအာဒိစ္စမှလည်းဒီနေ့ VIVA ထိုင်တဲ့နေ့မို့ BHU တက္ကလိုလ်မှသံဃာတော်များအားလည်း ဆွမ်းကပ်တာနဲ့ သွားကြုံကြိုက်ခဲ့သည်။ ဟင်းတွေကလဲစုံလို့ အသားဟင်းမစားရတာကြာပြီဖြစ်တဲ့ကျောင်းသားလေး ဘုဉ်းလိုက်တာ တဇလုံအပြည့်ပေါ့။ ပူပူနွေးနွေးဒေါက်တာအာဒိစ္စ ရေ သာသနာပြူလုပ်ငန်းတွေ လုပ်ဆောင်နိုင်ပါစေ လို့...။တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဘလော့ရောက်လာသူများအားလုံးလည်း ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျမ္မာချမ်းသာကြပါစေလို့..။

Tuesday, July 10, 2012

“ထမင်းစားရင်း ပါရမီဖြည့်မယ် ”

မြတ်စွာဘုရား လက်ထက်တော်က မထင်ရှားတဲ့ ရဟန်းငယ်လေး တစ်ပါး ရှိပါတယ်။အညတရ ရဟန်းလေးလို့ပဲ ဆိုပါတော၊့ အဲဒီအညတရ ရဟန်းလေးဟာဖြစ်ပျက် ကမ္မဋ္ဌာန်း ကို ကြိုးစား အားထုတ်နေပါတယ်။ တရားအားထုတ် နေတုန်းမှာပဲ နားကိုက် ဝေဒနာ ဖြစ်လာပါတယ်။ ဒါကြောင့် တရားအားထုတ်လို့မရတော့ပါဘူး။နားကိုက် ဝေဒနာကို ဆေးဆရာတွေ ပြပြီးကုပေမယ့် မပျောက်ပါဘူး။နောက်ဆုံးတော့ အညတရ ရဟန်းငယ်က နားကိုက်ဝေဒနာ ခံစားနေရတာကိုမြတ်စွာ ဘုရားကို သွားလျှောက် ပြပါတယ်။
ဒီတော့ မြတ်စွာဘုရားရှင်က ရဟန်းငယ်ဟာ ပုဇွန်ဆီနဲ့ ချက်ထားတဲ့ဆွမ်းဘောဇဉ် ကိုစားရင် သပ္ပါယဖြစ်ပြီး ဓာတ်စာဖြစ်မယ်ဆိုတာ သိတော်မူလို့“ချစ်သား.. သင် မာဂဓ လယ်ကွင်းထဲကို ဆွမ်းခံကြွပါ” လို့ မိန့်လိုက်ပါတယ်။
လယ်တောထဲ ဆိုတော့ ပုဇွန်လုံးပဲ ပေါတာပါ။ အညတရ ရဟန်းကလည်း“ငါ့အတွက် ကောင်းကျိုးမြင်လို့ မိန့်တာပဲ”လို့
နှလုံးသွင်း ပြီးကြွပါမယ်ဆိုတဲ့ အကြောင်းဝန်ခံခဲ့ပါတယ်။ဒီလိုနဲ့သပိတ် သင်္ကန်းကိုယူပြီး လယ်ကွင်းထဲကို ဆွမ်းခံထွက်ခဲ့ပါတယ်။
လယ်ကွင်းထဲရောက်တော့ လယ်စောင့်တဲ တစ်ခုတွေ့တာနဲ့တဲတံခါးဝမှာ ဆွမ်းခံရပ်လိုက် ပါတယ်။ လယ်စောင့် ယောင်္ကျားကလည်း
အဲဒီအချိန်မှာ ပုဇွန်ဆီနဲ့ စီရင်ထားတဲ့ ထမင်းကို ချက်ထားပြီးစပါ။ဆွမ်းခံ ရဟန်းတော် ကိုမြင်တော့ တဲထဲကို ပင့်ပြီး အခင်းလေး တစ်ခုပေါ် မှာထိုင်စေပါတယ်။ပြီးမှ ကိုယ်တိုင် ချက်ထားတဲ့ ပုဇွန်ဆီ ထမင်းကို သပိတ်ထဲလောင်း လိုက်ပါတယ်။အညတရ ရဟန်းဟာ ပုဇွန်ဆီဆွမ်းကို တစ်လုပ်နှစ်လုတ်စားလိုက်တာနဲ့တင် နားကိုက် ဝေဒနာဟာ အစာနဲ့ဆေးသပ္ပါယ သင့်ပြီး ပျောက်သွားပါတယ်။  ဝေဒနာ ပျောက်သွားတော့ချက်ချင်း စိတ်ချမ်းသာ သွားပါတယ်။ ဒါကြောင့် ဆွမ်းစားရင်း ဖြစ်ပျက်
ကမ္မဌာန်းကိုနှလုံး သွင်းပါတယ်။ ဆွမ်းစားလို့ မပြီးခင်မှာဘဲ ရဟန္တာဖြစ်သွား ပါတော့တယ်။ဒီတော့.. အညတရ ရဟန်းဟာ လယ်စောင့်ဒကာကို “ဒကာ.. သင့်ရဲ့ဆွမ်း ဘောဇဉ်နဲ့ ငါ့ရဲ့ရောဂါ ဝေဒနာလည်း ပျောက်သွားလို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ် ရတယ်။ သင်လည်း ဒီကုသိုလ်ကြောင့် ဆင်းရဲမှလွတ်ကင်းပြီး ကိုယ်စိတ် ချမ်းသာဖြစ် လိမ့်မယ်”လို့ ပြောပြီး မိမိကျောင်းကို ပြန်ခဲ့ပါတယ်။ လယ်စောင့် ယောင်္ကျားလည်းသူလောင်းလှူ လိုက်တဲ့ပုဇွန်ဆီ ထမင်း ကုသိုလ်လေး ကိုနေ့တိုင်း အောက်မေ့ နေပါတယ်။ ကွယ်လွန်တဲ့ အခါမှာတော့တာဝတိံသာ နတ်ပြည်မှာ နတ်သား သွားဖြစ်ရပါတယ်။ထူးခြားတာက နတ်သားရဲ့ ဗိမာန်တံခါးဝမှာ ကုသိုလ် သင်္ကေတဖြစ်တဲ့ရွှေပုဇွန်လုံး ရုပ်ကြီးပါတွဲလျား ချပေါ်နေပါတော့တယ်။ ထူးထူးခြားခြားရွှေပုဇွန် ရုပ်ကြီးပေါ်နေတဲ့ အတွက်အားလုံးက “ရွှေပုဇွန်နတ်သား”လို့ပဲခေါ်ကြပါတော့သတဲ့။ (ဝိမာနဝတ္ထုအဋ္ဌကထာ၊ ကက္ကဋကရသဒါယကဝတ္ထု)လှူသူလည်း အကျိုးရှိ အလှူခံသူလည်း အကျိုးရှိနဲ့ ဖတ်ရတာကြည်နူးဖို့ ကောင်းတဲ့ ဝတ္ထုလေးပါ။ လူတွေ ပြောပြောနေကြတဲ့
“မစားတတ်တော့ တဏှာ၊ စားတတ် တော့ဘာဝနာ” ဆိုတဲ့စကားလေးကို သာဓကပြသွားတဲ့ အညတရ ရဟန်းလေးရဲ့ ဘဝ ဖြစ်စဉ်လေးပါပဲ။အညတရ ရဟန်းလေးဟာ လူလိုပြောရင်တော့ ထမင်းစားရင်းပဲ တရားအားထုတ်သွားတာပါ။ ထမင်းစားရင်းပဲ တရားထူး တရားမြတ် ရသွားတာပါ။ ဒါကိုထောက်ပြီးထမင်းစားရင်းလည်း အားထုတ်လို့ ရတယ်ဆိုတာပါပဲ။ဒီနေရာမှာ တစ်ခုသတိထား ရမှာက နားကိုက်တော့ စိတ်မချမ်းသာ,စိတ်မချမ်းသာ တော့ တရားအားထုတ်လို့ မရဆိုတဲ့ ဆိုးကျိုးအဆင့်ဆင့်လေးကို အာရုံပြထားရပါမယ်။ စိတ်မချမ်းသာဘူးဆိုရင်တရားအားထုတ် ရတာလည်း အဆင် မပြေတော့ပါဘူး။တရားအားမထုတ်ခင် စိတ်ဆင်းရဲစရာတွေ ရှိနေရင် ကြိုရှင်း ထားလိုက်တာ အကောင်းဆုံးပါ။ တရားအားထုတ် နေတုန်း ဒီစိတ်ဆင်းရဲ စရာကိုပဲ တွေးနေမိရင်
အားထုတ်ရတာ အဆင်မပြေဖြစ်နေ ပါလိမ့်မယ်။အညတရ ရဟန်းလေးဟာ တရားအား ထုတ်တာကို အနှောက်အယှက်
ပေးနေတဲ့ နားကိုက်ဝေဒနာကို အရင်ကုပစ်လိုက်တာပါ။ရောဂါ ပျောက်ကင်း သွားတာနဲ့ တရားအား ထုတ်ရတာလည်း
အဆင်ပြေ သွားတော့တာပါ။ ဆွမ်းစားရင်း တရားရသွား တာလေးကလည်းအတုယူစရာ လေးပါပဲ။ လိုရင်းကတော့ ထမင်းစားရင်းလည်း
တရားအား ထုတ်လို့ရတယ်ဆိုတာပါပဲ။သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးက ရိပ်သာမှာ စားခြင်းသုံးမျိုးကို မကြာခဏ
ဟာပြလေ့ရှိပါတယ်။ စားခြင်းသုံးမျိုးကတော့..
၁။ သီလနဲ့စားခြင်း
၂။ သမထနဲ့စားခြင်း
၃။ ဝိပဿနာနဲ့စားခြင်းပါ။
ဆွမ်းစားခါနီးမှာ “ဒီဆွမ်း ဘောဇဉ်တွေကို မြူးတူးပျော်ပါးဖို့၊အသားအရေ လှပ တင့်တယ်ဖို့ စားတာမဟုတ်ဘူး။ ကိုယ်ကာယ
အရှည်တည်တံ့ဖို့၊ မဂ်ဖိုလ်အကျင့်ကို ကျင့်နိုင်ဖို့၊ ဝိပဿနာတရားကိုကျင့်နိုင်ဖို့စားတာ”လို့ ဆင်ခြင်လိုက်ရင် ပစ္စယသန္နိဿိတ သီလ ဖြစ်သွားပါတယ်။ ဒါဆို သီလနဲ့ စားလိုက်တာပါ ၊သီလ ကုသိုလ်တွေရ သွားတာပါ။
ရိပ်သာမှာတော့ “ဤသည့်စားဖွယ် အမယ်မယ်ကို”ဆိုပြီး စားကြတာပါ။လိုရင်း ကတော့ ဆင်ခြင်ပြီး စားရင်သီလနဲ့ စားတာပါ။
ဆင်ခြင်လိုက်တာလည်း ဘာမှမခက်ပါဘူး။ မိနစ်ပိုင်း လေးပဲရှိပါတယ်။ရိပ်သာမှာ ဆွမ်းစားခါနီး ဆွမ်းအလှူရှင်တွေ၊ ဝေယျာဝစ္စ ကုသိုလ်ရှင် တွေကို မေတ္တာပို့ပြီးမှ စားကြပါတယ်။ မေတ္တာပွားတာဟာ သမထထဲမှာ ပါတဲ့အတွက် သမထနဲ့ စားလိုက်တာပါ။
အိမ်မှာတော့ ထမင်းဝိုင်းကို ကြည့်ပြီး “ဒီထမင်းဟင်း တွေရှာပေးတဲ့အဖေ ကိုယ်ဆင်းရဲ ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ
အဆင်ပြေပါစေ၊ ဒီထမင်းဟင်းတွေ ချက်ပေးတဲ့အမေ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ”လို့ မေတ္တာပို့ပြီး စားလိုက်ရင် မေတ္တာကုသိုလ် တွေဖြစ်သွား တော့တာပါ။
မေတ္တာပွားပြီး စားတာဟာ သမထနဲ့ စားလိုက်တာပါ။မေတ္တာပို့ပြီးစားရင် မိသားစု စားဝတ်နေရေးကို ရှာပေးနေတဲ့
မိဘတွေ အပေါ်မှာလည်း ပိုပြီး တန်ဖိုးထားတတ် သွားပါတယ်။ထမင်းဟင်းတွေ ဖြစ်ဖို့ရှာရတဲ့ ကိစ္စဟာ လွယ်ကူလှတဲ့ ကိစ္စမဟုတ်ပါဘူး။
နေ့တိုင်း စားနေရတော့ တန်ဖိုးလည်း မထားမိ တော့ပါဘူး။မေတ္တာပို့ပြီးစားတာ ဘာမှလည်း ခက်လှတာ မဟုတ်ပါဘူး။
တကယ့် လွယ်လွယ် လေးပါပဲ။ ကြားရတဲ့ မိဘတွေမှာ လည်းစိတ်ချမ်းသာ၊ကိုယ်လည်း ကုသိုလ်ရ၊ မုန့်ဖိုး တောင်းရတာလည်း အဆင်ပြေ အကုန်လုံး အဆင်ပြေမှုတွေ ချည်းပါပဲ။ကိုယ်က လုပ်ငန်းရှင် ဆိုရင်လည်း “ဒီထမင်းဟင်းတွေ ဖြစ်အောင်
ကျေးဇူးပြုသူ အားလုံး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ”စသည်ဖြင့် မေတ္တာပို့ရုံ ပါပဲ။ ဒီထမင်းဟင်း တွေဖြစ်ဖို့ ကိုယ့်ကို ကျေးဇူးပြု နေတဲ့သူတွေကို ကိုယ်ပဲ အသိဆုံးပါ။ ဒီတော့ ကျေးဇူးပြု သူတွေကို မေတ္တာပို့ စားရမှာပါပဲ။ တတိယက ဝိပဿနာနဲ့ စားတာပါ။ ဒါကတော့ မြတ်စွာဘုရား သဘောအကျဆုံး စားနည်းပါပဲ။ ထမင်းစားပွဲ ထိုင်လိုက်တာနဲ့ ဟင်းခွက်ကို ကြည့်တော့ “ကြည့်တယ်”၊ မြင်တော့ “မြင်တယ်”၊ လှမ်းတော့ “လှမ်းတယ်”၊ခပ်တော့ “ခပ်တယ်”၊ ယူတော့ “ယူတယ်”၊ ပါးစပ်ဟတော့ “ဟတယ်”၊
ခွံ့တော့ “ခွံ့တယ်”။ ဝါးတော့ “ဝါးတယ်” စသည်ဖြင့် လိုက်မှတ်တာပါ။အဲဒီလို အမှတ်နဲ့ စားတာဟာ ဝိပဿနာနဲ့ စားတာပါပဲ။ ကျေးဇူးတော်ရှင်မဟာစည်ဆရာတော် ဘုရားကြီးက ထမင်းစားလို့ ဝါးတဲ့ နေရာမှာအထက်မေးနဲ့ အောက်မေးနှစ်ခုမှာ ဘယ်မေးက လှုပ်နေတာလဲလို့ မေးပါတယ်။ရိုရိုသေသေသ ရှုမှတ်တဲ့ ယောဂီတွေကတော့ အောက်မေးက လှုပ်နေတာဆိုတာ သိရပါတယ်။ အဲဒီ အောက်မေး လှူပ်နေတာလေးကိုပဲ မြန်မာ ဝေါဟာရအားဖြင့် “ဝါးတယ်၊ ဝါးတယ်”လို့ရှုမှတ်ရတာပါ။ တစ်နပ်စာ အကုန်လိုက်မှတ်ဖို့ ကတော့ မလွယ်ကူဘူး ထင်ပါတယ်။ဒါပေမယ့် ထမင်းအလုတ်သုံးဆယ် စားမယ်ဆိုရင် သုံးလုတ်လောက်တော့မှတ်လိုက်နိုင်မယ် ဆိုရင် မဆိုးပါဘူး။ တစ်မှတ်ကို ကုသိုလ်တစ်ချက်နဲ့တွက်ရင်လည်း မနည်းပါဘူး။
ဧည့်ခံပွဲတွေ၊ ညစာစားပွဲ တွေမှာလည်း နှစ်လုတ်သုံးလုတ် လောက်တော့ ရသ လောက်မှတ် ကြည့်ရမှာပါပဲ။ ကိုယ်က ဝိပဿနာနဲ့ စားနေတာကို ဘေးကလူလည်း မသိ ပါဘူး။ထမင်းဝိုင်းမှာ အချင်းချင်း စကားပြောသံ တွေကြားတော့လည်း “ကြားတယ်”
“ကြားတယ်”လို့ မှတ်ရုံပါပဲ။အညတရ ရဟန်းလေးဟာ ဆွမ်းစားရင်းနဲ့ပဲ တရားအားထုတ်ပြီး တရားထူးတရား မြတ်ရသွားတာပါ။ ကိုယ်ကဒါကို အာရုံပြုထားရပါမယ်။ နှစ်လုတ်သုံးလုတ် လောက် အမှတ်နဲ့စားတာကို နောက်ဘဝတွေ အတွက် အထုံဓာတ်ပါ သွားအောင် ပါရမီဖြည့် နေတယ်လို့ နှလုံးသွင်းထားလို့ လည်းရပါမယ်။ ကောင်းတဲ့အထုံဓာတ် တွေဟာ တရားထူး ရဖို့အတွက်လည်း အများကြီး အထောက်အပံ့ ပေးတာပါ။ ထမင်းစားရင်း ပါရမီဖြည့်တယ် ပဲပြောပြော၊ ထမင်းစားရင်း တရားအားထုတ် တယ်ပဲပြောပြော စကားလေး ကတော့ သိပ်ကြည်ညိုဖို့ ကောင်းတာပါ။ ဘဝမှာ တရားလေးတွေနဲ့ ပျော်တာပဲ ကောင်းပါတယ်။ဒီစားခြင်းသုံးမျိုးကို သဒ္ဓမ္မရံသီ ဆရာတော်ကြီးက မှတ်ရလွယ်အောင်ဆောင်ပုဒ်ကလေးတွေ စီပေးထားပါတယ်။
၁။ ကျင့်နိုင်ဖို့ရာ၊ ဆင်ခြင်ကာ ၊ စားတာ သီလမည်။
၂။ မေတ္တာပွားကာ၊ စားသုံးတာ ၊မှန်စွာ သမထမည်။
၃။ စားသုံးမူရာ၊ ရှုမှတ်ကာ၊ စားတာ ဝိပဿ်မည်။
ဒီနေရာမှာ ဦးဇင်းအရှင် ဆန္ဓာဓိကက စာရေးသူကို သင်ပေးထားတဲ့ ဆွမ်းစား နည်းလေးကိုလည်း ဓမ္မဒါန ပြန်မျှပါရစေဦး။ ဆွမ်းမစားခင် ဆွမ်းဝိုင်း တစ်ဝိုင်းလုံးကို “မြတ်စွာဘုရား.. ဤဆွမ်းဘောဇဉ်အချိုပွဲ များကို ကပ်လှုပူဇော်ပါ၏ ဘုရား ဘုရားတပည့်တော်ကို သနားချီးမြှောက်သော အားဖြင့် ဘုဉ်းပေးသုံးဆောင် တော်မူပါဘုရား”လို့ ဆိုပြီးမြတ်စွာဘုရားကို ကပ်လိုက်ပါတဲ့။ စိတ်ထဲ မှာလည်း မြတ်စွာဘုရား တကယ်ကြွလာပြီး ဘုဉ်းပေးနေတယ်လို့ အာရုံပြုထားပါတဲ့။မြတ်စွာဘုရား ဘုဉ်ပေးနေတုန်းမှာ နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာန မေတံ၊ ဟေတုပစ္စယော၊ ဘုရားဂုဏ်တော်၊မေတ္တာသုတ်(၇)မျိုးရအောင်ရွတ်နေ လိုက်ပါတဲ့။ ပြီးမှ “မြတ်စွာဘုရား…ဘုဉ်းပေးပြီးပြီ ဖြစ်တဲ့အတွက် ဘုရားတပည့်တော်ကို ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား” လို့ဆိုပြီး
စွန့်ပြီးစားလိုက်ပါတဲ့။ ဒါဆို ကိုယ့်အတွက် ဆွမ်းဒါန ဖြစ်သွားပါတယ်တဲ့။ဒီနည်းလေးကိုယူပြီး ဆွမ်းမစားခင် မြတ်စွာဘုရားကို ကပ်ပြီးစားလိုက်ဖို့ပါ။(၇)မျိုး မရွတ်နိုင်ရင်တောင် နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံဒါမှ မဟုတ် နမောတဿ၊ သရဏဂုံ၊ ဟေတုပစ္စယော ရွတ်နေလိုက်လည်း ရပါတယ်။တစ်ခုသတိ ထားရမှာက မွန်းတည့် ဆယ့်နှစ်နာရီ နောက်ပိုင်းမှာတော့
ဘုရားကိုကပ်လို့ မရတော့ပါဘူး။ ကပ်ချင်ရင် ဆယ့်နှစ်နာရီ ရှေ့ပိုင်းပဲ ကပ်ရမှာပါ။ရှေးခေတ် ဆရာတော်ဘုရားကြီး တွေထေရုပ္ပတ္တိတွေ ဖတ်ရင် ဆရာတော်ဘုရား ကြီးတွေဟာ ဆွမ်းခံပြန်လာရင် သပိတ်လိုက် အဖုံးဖွင့်ပြီး မြတ်စွာဘုရားကို ကပ်ထား လိုက်တာပါ။
ဆွမ်းစားချိန်ကျမှ စွန့်ပြီး စားကြတာပါ။ ဒီခေတ်မှာ ဦးဇင်း တချို့ဆိုလည်းဘုရားမှာ သပိတ်လိုက်ကပ်ပြီးမှ ဘုဉ်းပေးကြတာပါ။
မန္တလေးက ဆရာတော်၊ ဦးဇင်း၊ ကိုရင် တချို့ဆိုလည်းမဟာမြတ်မုနိ ဘုရားကြီးကို သပိတ်လိုက် ကပ်ပြီးမှ ဘုဉ်းပေးတယ်လို့ တဆင့်ကြားဖူးပါတယ်။မဟာမြတ်မုနိ ဘုရားကြီးကို သပိတ်လိုက် ကပ်လိုက် ရတာဆိုတော့ အာရုံပြုရတာ ပိုလို့တောင် ကောင်းဦးမှာပါ။ စပယ်ပန်းလေး ကပ်ရ တာတောင် ကြည်နူးလို့ မဆုံးဖြစ်ရတာပါ။ဘာပဲပြောပြော မြတ်စွာဘုရားကို ဆွမ်းကပ်ပြီးမှ စားရင် ဒါနကုသိုလ် ဖြစ်သွားတာ တော့အမှန်ပါပဲ။ဒါဆိုရင် ဒါနနဲ့စား လိုက်တာပါပဲ။ သဒ္ဓမ္မရံသီဆရာတော်ကြီးရဲ့ ဆောင်ပုဒ်အတိုင်း မှီးဆိုရရင်တော့..“ ဆွမ်းတော်ကပ်ကာ၊ စားသုံးတာ၊ စားတာဒါနမည် ” လို့ ဆိုရပါလိမ့်ပါမယ်။ဒါဆိုထမင်းစားတာ ၁။ ဒါနနဲ့စားခြင်း၊ ၂။ သီလနဲ့စားခြင်း၊ ၃။ သမထနဲ့စားခြင်း၊ ၄။ ဝိပဿနာနဲ့ စားခြင်းဆိုပြီး စားခြင်းလေးမျိုး ဖြစ်သွားပါလိမ့်မယ်။ ထမင်းစားတိုင်း စားတိုင်း စားခြင်း လေးမျိုးပါအောင် နေ့တိုင်း စားနိုင်ရင်တော့ ကိုယ့်အတွက်ကုသိုလ် (၄)မျိုး ရနေတော့တာပါ။ ဒါတင်မကပါဘူး နောက်ဘဝတွေ အတွက်လည်း ပါရမီအထုံဓာတ် တွေပါသွားဦးမှာပါ။နောက်ဘဝကို ပါရမီ အထုံဓါတ်တွေ များများပါသွားဖို့ အရေးကြီးပါတယ်။
လယ်စောင့် ဒကာလေးက အညတရ ရဟန်းလေးကို ဆွမ်းတစ်နပ် ကပ်ပြီး နတ် ပြည်ရောက် သွားရတာပါ။ ကိုယ်ကစားခြင်း လေးမျိုးနဲ့ နေ့စဉ် စားနေမယ်ဆိုရင် ပါရမီ အထုံဓာတ်တွေ သာမက သုဂတိဘုံဘဝ အတွက်လည်း အထောက်အပံ့ ပေးနေ မှာပါ။ မြန်မာ့ရာဇဝင်မှာနရသီဟ ပတေ့မင်းဟာ ဟင်းခွက်ပေါင်း သုံးရာပွဲတော်တည်ပါ သတဲ့။
တရုတ်နဲ့ စစ်ဖြစ်လို့ ပြေးလွှားနေရတဲ့ ကာလမှာ ဟင်းခွက် တစ်ရာ့ငါးဆယ်ပဲသုံး ဆောင်ရလို့ “ငါဆင်းရဲလိုက်တာ”လို့ ငိုငြီးပါသတဲ့။
နရသီဟ ပတေ့မင်းကြီးမှာ သားတော် ဥဇနာ၊ ကျော်စွာ၊ သီဟသူ၊ သမီးတော် မိစောဦး တို့ရှိပါတယ်။ အမေချင်း တွေတော့ မတူကြပါဘူး။ နရသီဟပတေ့ မင်းပွဲတော် တည်တဲ့အခါ ဥဇနာနဲ့ကျော်စွာကို ဝက်လက်ပေးပြီး သီဟသူကို ဝက်ပေါင်ပေးပါတယ်။ မကြာခဏ ပေးပါများလာတော့ သီဟသူရဲ့အမေ ရှင် မောက်က “သူများသား တွေကျတော့ ဝက်လက်ပေးတယ်၊
ငါ့သားကျတော့ ဝက်ပေါင် ပေးတယ်”ဆိုပြီး မကျေနပ်ပါဘူး။ဒါကြောင့်သီဟသူအမေ ရှင်မောက်က စားတော်ကဲ ကိုငွေသုံးဆယ် ပေးပြီး
ကျော်စွာကို ဝက်ပေါင်ပေးဖို့၊ သူ့သားသီဟသူကို ဝက်လက် ပေးဖို့ လာဘ်ထိုး ပါတယ်။ဒါကို ကျော်စွာ့အမေ ရှင်ပါးသိတော့ မင်းကြီးကို သွားတိုင်ပါတယ်။နရသီဟပတေ့ မင်းဟာ လူဘုံအလယ်မှာ မိဖုရားရှင် မောက်ကို“ဝက်လက်ခိုးမ” လို့ဆဲပြီး သားသီဟသူ ကိုလည်း “ဝက်လက်ခိုးမသား”လို့ ဆဲလိုက်ပါတယ်။ နရသီဟပတေ့မင်းဟာ သီဟသူကို စိတ်အလို မကျတိုင်း “ဝက်လက်ခိုးမသား” လို့
မကြာခဏ ဆဲရေးတတ် ပါတယ်တဲ့။ ဒီတော့ သားတော်သီဟ သူကအဖေအပေါ် စိတ်နာပြီး အညှိုးအတေး ထားလိုက်ပါတယ်။
တရုတ်နဲ့စစ်ဖြစ်လို့ စစ်ပြေးရင်း ပြည်ကိုရောက်တဲ့ အခါ သားတော်သီဟသူက ရှေ့ ဆက်မသွားဖို့ တားထားလိုက်ပါတယ်။ ပြီးတော့ အဆိပ်ခတ်ထားတဲ့ ပွဲတော်အုပ်ကို ပေးပြီး “စားတော်ခေါ်ပါ”လို့ ဆက်သပါတယ်။ နရသီဟပတေ့မင်းဟာ အဆိပ်ပါမှန်း သိလို့ မစားပါဘူး။ဒီတော့ သားတော် သီဟသူက ရဲမက်သုံးရာလွှတ်ပြီး ဓားဖွေးဖွေးတွေနဲ့မင်းကြီးဖောင်တော်ကိုဝိုင်းထားလိုက်ပါတယ်။
နရသီဟ ပတေ့မင်းဟာ မိဖုရားဖွားစောကို “ဘာလုပ်ရမလဲ” လို့မေးပါတယ်။မိဖုရားဖွားစောက “အရှင်မင်းကြီး.. ဓား လှံ လက်နက်တွေနဲ့ သွေးသံတရဲရဲ သေရတာ ထက် အဆိပ်စားပြီး သေရတာက မြတ်ပါသေးတယ်”လို့ အကြံပေးပါတယ်။
နရသီဟပတော့မင်းလည်း “ငါသည် နိဗ္ဗာန်မရသေးသရွေ့ သံသရာကျင်လည် ရသမျှဘဝတိုင်း သားယောင်္ကျားကိုမရရပါလို၏”လို့ ဆုတောင်းသစ္စာပြု၊ ဝတ်ထားတဲ့ လက်စွပ်တော်ကို ရေစက်ချပြီး မိဖုရားဖွားစောကို ပေးပါတယ်။ ပြီးမှ အဆိပ်ခတ်ထားတဲ့ ပွဲတော်အုပ်ကို
စားပြီးသေသွားပါတယ်။ သေချိန်မှာ သက်တော်ခြောက်ဆယ်လို့ ဆိုပါ တယ်။ဒီသမိုင်းဖတ်ပြီး “သြော်”လို့ပဲ တလိုက်မိပါတော့တယ်။
ဝက်ပေါင်၊ ဝက်လက် အစားတစ်ခုကို အကြောင်းပြုပြီးသားက အဖေကို သတ်ရတဲ့ အထိဖြစ်သွားရပါတယ်။စိတ်ထဲမှာလည်း တွေးစရာတွေ အများကြီးပါပဲ။ဝက်ပေါင်နဲ့ ဝက်လက်ဘာများထူး လို့လဲမသိပါဘူး။
ဘာမှလည်း ထူးမယ်မထင်ပါဘူး။ ပြီးတော့အဖေ လုပ်သူကသားသမီး တွေအပေါ် ပေးကမ်းတာ ဘာဖြစ်လို့ မညီမျှရတာလဲ၊
ညီညီမျှမျှ ဝက်ပေါင်တစ်လှည့်၊ ဝက်လက် တစ်လှည့်စီပေးလိုက်ရင်လည်းဒီပြဿနာ ဖြစ်ချင်မှဖြစ်မှာပါ။ မိဘဖြစ်သူ တွေအတွက်သတိထားစရာပါပဲ။မိဘတွေ အနေနဲ့ ဘယ်ပစ္စည်းပဲ ပေးပေး သားသမီးတွေကို ညီညီမျှမျှပေးတာ အကောင်းဆုံးပါပဲ။ ဒါတင်မကပါဘူး “ဝက်လက်ခိုးမသား” ဆိုတဲ့ စကားတစ်ခွန်း ကြောင့်ပဲ သားလုပ်သူရဲ့ အသတ်ကို ခံသွားရတယ်လို့လည်း ဆိုနိုင်ပါတယ်။ ပြောမယ့် စကား တစ်ခွန်း အတွက်လည်း သတိထားစရာပါပဲ။ ပြောတဲ့သူက မှတ်မထားပေမယ့် အပြောခံရတဲ့သူကတော့ မမေ့အောင် မှတ်ထားတော့တာပါ။ အမေလုပ် သူကလည်း မချစ်တတ်တဲ့ အချစ်နဲ့ချစ်မိ လိုက်တာပါ။
မချစ်တတ်တာ ကလည်းခက်တာပါပဲ။ ချစ်တော့ ချစ်တာပါပဲ၊ မချစ်တတ်တဲ့အချစ်နဲ့ ချစ်လိုက်တဲ့ အတွက် သားဖြစ်သူကို ပဉ္စာနန္တရိယ ကံကြီးကိုကျူးလွန်ခိုင်းသလို ဖြစ်သွားရပါတယ်။ ဘယ်ဘက် ကကြည့်ကြည့် သံဝေဂ ယူစရာတွေချည်းပါပဲ။တကယ်လို့များ စာဖတ်သူတို့လို စားခြင်းလေးမျိုးနဲ့သာ စားကြမယ်ဆိုရင်ဒီလို အဖြစ်ဆိုးကြီးကို ကြုံကြရမှာ မဟုတ်ပါဘူး။
သူများကိုသာ ပြောနေရတာပါ။ သံသရာမှာ ကိုယ်လည်း အမှားတွေကျူးလွန်ခဲ့ချင် ကျူးလွန်ခဲ့မှာပါ။ မသိနိုင်လို့သာပါ။ တွေးရင် လန့်စရာကြီးပါ။သတ္တဝါတွေဟာ အစာအဟာရကို မှီပြီးအသက်ရှင် နေကြရတာပါ။မစားလို့လည်း မရပါဘူး။ သတိကပ် ပြီးအစားကို တရားဖြစ်အောင် စားကြရမှာပါ။ဒါဆိုရင် ထမင်း စားရင်းပါရမီ ဖြည့်နေတာပါပဲ။ ဘာပဲပြောပြော တစ်နေ့ နှစ်ကြိမ်သုံးကြိမ်
စားနေကြရတာ ဆိုတော့ စားခြင်းလေး မျိုးပါနိုင် သမျှပါအောင် ကြိုးစားပြီး စားကြည့်ဖို့ပါပဲလေ။

Monday, July 9, 2012

“၀ါဆိုလတွင် ၀ါဆိုသင်္ကန်းလှူရခြင်းအကျိုး”

ဗုဒ္ဒဘာသာမြန်မာလူမျိုးတို့သည် ၀ါဆိုလရောက်လေတိုင်းဝါဆိုသင်္ကန်းကို သံဃာတော်အရှင်သူမြတ်တို့အား လှူဒါန်းဆက်ကပ်ကြသည်မှာ အင်မတန်ချစ်စရာကောင်းသော ဓလေ့ဖြစ်ကြသည်။ တချို့ဝါဆိုသင်္ကန်းမကပ်လိုက်ရလျှင်ခေတ်မမှီဘူးဟု တောင် ထင်နေကြ၏။ ၀ါဆိုသင်္ကန်းလှူဒါန်းရာအချိန်သည် ၀ါဆိုလဆန်း တရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ကပ်လှူဒါန်းနိုင်သည်။ ထိုအတွင်းလှူဒါန်းခြင်းသည် ၀ါဆိုသင်္ကန်းလှူဒါန်းသည်မည်၏။ မိမိမြန်မာနိုင်ငံမှာနေစဉ် နှစ်စဉ်ဝါဆိုလပြည့်နေ့ ရောက်လေတိုင်း သင်္ကန်းလှူဒါန်းကြသည့် ဒကာ/မတို့အိမ်သို့ အာရုဏ်ဆွမ်းဖြင့်၎င်း,တချို့အင်မတန်ရင်းနှီးလွန်းသောဒကာ/မများအား လဘက်ရည်အချိုပွဲဖြင့်သာ ကပ်လှူဒါန်းခိုင်းရ၏။ ထိုနေ့အဖို့ တနေရာပြီးတနေရာ ကြွလာရ၏။ ဒကာ/မများသည်လည်း ၀ါဆိုလပြည့်နေ့ကိုသာ အာရုံရကြသည်။ ၀ါဆိုသင်္ကန်းကပ်လှူသူအကျိုးမြတ်ကား.ယောက်ျားများလှူဒါန်းခြင်းသည် “ဧဟိ ဘိက္ခု “ ဘိက္ခု=ရဟန်း.ဧဟိ=လာလော့ဟု..မြတ်စွာဘုရားသည် ညာလက်ရုံးကို ဆန့်တန်းလိုက်သည်နှင့် ၀ါတော် ၄၀ ရ မထေရ်ကြီးကဲ့သို့ သပိတ်,သင်္ကန်း,ပရိက္ခရာအပြည့်စုံဖြင့် ဧဟိဘိက္ခု အမည်ရရှိသည်။ မိန်းမသားများမှာ မဟလ္လကတန်းဆာကို ၀တ်ဆင်,ဆင်မြန်းရခြင်းဟူသောအကျိုးကျေးဇူးရရှိခံစားနိုင်သည်။ မဟလ္လကတန်းဆာသည် ရှေးမြတ်စွာဘုရားလက်ထက်တော်အခါကပင်လျှင် အဖိုးကိုးကုဋေ ထိုက်တန်သည်။ လက်ခအားဖြင့်တသိန်းပေးရ၏။
ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီးသည်လည်း ၀ါဆိုသင်္ကန်းလှူဒါန်းခြင်းနှင့်ပတ်သတ်၍ ကဗျာ ဆောင်ပုဒ် ဖွဲ့သီကုံးထားသည်။ တနည်းပြောရသော် သောတာပန်နှင့်တူသည့်ပုဂ္ဂိုလ်(၇)ယောက်။ တမျိုးပြန်ပြောရသော် အပါယ်သို့ မကျရောက်စေနိုင်သည့်(၇)ယောက် ဟု ပြောရပေမည်။
{ဆောင်} တိသရဏ,ငါးသီလ,မဲချစာရေးတန်,ပက္ခိကဆွမ်း,၀ါသင်္ကန်း,လှူဒါန်းသောက်ရေကန်,ကျောင်းလှူတ၀ နိဗဒ္ဒ ပုညရှိသူမှန်။ သောတာပန်လည်း ထို့တူပဲ သူလည်း ပါယ်မပြန်။ဟု စပ်ဆိုတော်မူခဲ့သည်။ မြန်မာပြန်ပြောရသော်
(၁)တိသရဏသည်= သရဏဂုံ ၃ပါးတည်သောပုဂ္ဂိုလ်။
(၂)ငါးသီလသည်=ငါးပါးသီလမြဲသည့်ပုဂ္ဂိုလ်။
(၃)မဲချစာရေးတန်=စာရေးတန်မဲလှူဒါန်းသည့်ပုဂ္ဂိုလ်။
(၄)ပက္ခိကဆွမ်း= လဆန်းပက္ခ.လဆုပ်ပက္ခဆွမ်းလှူဒါန်းသည့်ပုဂ္ဂိုလ်။
(၅)၀ါသင်္ကန်း=၀ါဆိုသင်္ကန်းလှူဒါန်းသည့်ပုဂ္ဂိုလ်။
(၆)လှူဒါန်းသောက်ရေကန်=သောက်ရေကန်လှူဒါန်းသည့်ပုဂ္ဂိုလ်။
(၇)ကျောင်းလှူတ၀= ကျောင်းလှူဒါန်းသည့်ပုဂ္ဂိုလ်။ ထိုပုဂ္ဂိုလ်တို့သည် သောတာပန်နှင့်တူသည့်ပုဂ္ဂိုလ်။တနည်း အပါယ်သို့မကျရောက်စေနိုင်သည့်ပုဂ္ဂိုလ်ဟု ကျမ်းဂန်တွေမှာ ပါရှိခဲ့သည်။ ၀ါဆိုသင်္ကန်းလှူဒါန်းရခြင်းဟူသောအကြောင်းကြောင့် မိမိတို့သည် အပါယ်သို့လည်းမကျရောက်စေနိုင်သလို သောတာပန်နှင့်လည်းတူသည်မည်၏။ မိမိမှာတော့ ၀ါဆိုသင်္ကန်းနှင့်ဝေးစွ။ အကြောင်းမှာ နိုင်ငံခြားမှာဖြစ်ခြင်းကြောင့် မိမိနေထိုင်ရာမဇ္ဈိမသားတို့သည် ၀ါဆိုသင်္ကန်းလှူဒါန်းရမည်ကိုလည်းမသိရှာကြ။ လှူဒါန်းရခြင်းအမှုကို သူတို့၏ ရင်ထဲမှာမရှိတော့ပြီ ၀မ်းနည်းစရာကောင်းပါပေစွ။ သူတို့သည် သမီးမွေးဖွားခဲ့သူဖြစ်အံ့ ထိုသမီးကို မင်္ဂလာဆောင်ရန် ခန့်နားစွာဆောင်ပေးဘို့ ဥဏှောက်ထဲမှာရှိကြ၏။ မိမိ၂၀၀၇ ခုနှစ် အိန္ဒိယနိုင်ငံ စာသင်ရောက်စနှစ်မှာ ညည ဗြောက်အိုးတို့ဖြင့်၎င်း,မီးဆိုင်းပန်းတွေ ခေါင်းပေါ်ရွက်လျှက်၎င်း, အတိးအမှုတ်တို့ဖြင့် မင်္ဂလာဆောင်ရာ ခန်းမသို့ စည်ကားသိုက်မြိုက်စွာသွားလာသည်ကို ဘုရားလှည့်သည် အထင်ဖြင့် ထွက်ထွက်ကြည့်တတ်၏။ မြန်မာနွယ်ဖွားမောင်စိန်အောင်မှ အရှင်ဘုရား အဲဒါ မင်္ဂလာဆောင်တာလေ ဟု ပြောမှ အော် ဆိုပြီး မိမိနဖူးကို လက်ဖြင့် ပုတ်လျှက် သူတို့သည် ၄င်း မင်္ဂလာဆောင်ရာတချိန်သည်သာလျှင် ကုန်စရာရှိသည်မို့ တ၀ုန်းဝုန်း တဒိုင်းဒိုင်းဖြင့် အဆိုအက အတီးတို့ဖြင့် သိုက်မြိုက်စွာ ပြုလုပ်ကြသည်။ အင်း.မဇ္ဈိမ သားတို့ရယ် မြတ်စွာဘုရားသာရှိခဲ့လျှင် သူနိုင်ငံ သူ့လူမျိုးတွေကို ဘယ်လိုများချေချွတ်မည်မသိ။ သုံးလောကထွဋ်ထား
မြတ်စွာဘုရားသည် သစ္စာတရားများပေါ်ထွန်းခဲ့ရာ, မြတ်စွာဘုရား သဗ္ဗညုတရွှေဥာဏ်တော်ရခဲ့ရာ နေရာမြတ်တွေမှာ သူတို့သည် မြတ်စွာဘုရားဟောဖေါ်ညွှန်ကြားခဲ့သော ဓမ္မလမ်းကြောင်းကို ဆန့်ကျဉ် မျက်ကွယ်ပြုလျှက် အယူသီးမှု စသော အယူဝါဒတွေကို ဘာလို့များ ဥဏှောက်ထဲမှာ ၀င်ခဲ့ကြပါသလဲဆိုတာကိုတော့.အိုစာဖတ်သူတို့ သင်တို့ စဉ်းစားကြကုန်လော့။ အမိမြန်မာပြည်မှ လူဖြစ်ရခြင်းသည်။ ဘုရားဟူ၍၄င်း,တရားဟူ၍၄င်း,သံဃာဟူ၍၄င်း သိခွင့်ရကြရသည်။ လူဖြစ်ရကျိုးနက်သည်ဟု ပြောရချေသော် မှားအံ့မည်မထင်ပါ။ သဗ္ဗေ သစ္စာတရားထွန်းကားရာနယ်မြေဒေသတနေရာမှာ သူတို့၏ အယူသိးမှုတွေကိုတွေးပြီး ကျောင်းသားလေးကတော့ ရင်လေးမိ၏။ ထေရ၀ါဒ ထွန်းကားရာ အမိမြန်မာပြည်မှ လူဖြစ်ရခြင်းသည် ကံကောင်းကြပါသည်ဟု ပြောရင်း..၀ါဆိုလ၏ သင်္ကန်းလှူဒါန်းရခြင်း၏ အကျိုးကျေးဇူးများကို အို.စာရှုသူ သင်သည်လည်း အပါယ်သို့ မကျရောက်စေခြင်ရင်ဖြင့်….။

"ဗာရာဏသီမိုဃ်းနေ့များ"

ခုတလော ဗာရာဏသီရွှေမြို့တော်မှာ မိုဃ်းများရွာခဲ့တယ် ရာသီဥတု ပူလောင်တဲ့ဒဏ်လေးတော့ သက်သာနေပြီဆိုတော့ နေလို့ထိုင်လို့ကောင်းလိုက်တာ နေရာတိုင်းတိုင်းမှာရွှံ့ဗွက်တွေ ရေတွေ
နဲ့ မြင်တွေ့နေရတယ်လေ..။ မဇ္ဈိမတိုင်းသားတွေကတော့ မိုဃ်းကိုကြောက်တော့ မိုဃ်းရွာပြီဆိုတာနဲ့ မတွေ့ရတော့ဘူး။ ဘာကြောင့်ပါလိမ့်လို့တော့ တွေးမိပါရဲ့ မိမိတို့မှာတော့ အပူချိန်လေး ပေါ့သွားမိလို့ ကျေးဇူးတင်နေမိတယ်။ ကိုရွှေမိုဃ်းရယ်.။အမြဲလိုလို မရွာသွန်းခဲ့ရင်တောင် တနေ့ တနာရီလောက်များရွာပေးခဲ့ရင်ကောင်းမှာပဲလို့တွေးနေမိတယ်လေ။ ခု post ရေးနေချိန်မှာ မိုဃ်းလေးက တဖျောက်ဖျောက်နဲ့ ဟို မလှမ်းမကမ်းမှ ကြားလိုက်ရတဲ့ စရဏဘူတာသို့ဝင်လာပြီဖြစ်သော ရထားဥသြဆွဲသံသည်လည်း..မိုဃ်းနဲ့အပြိုင်ပေါ့..။

Tuesday, July 3, 2012

" ထူးခြားအံ့သြဖွယ်ဆံတော်ရှင်ကျိုက်ထီးရိုးနှင့်ပုံတူကျောက်တုံးတော်ကြီး"

နေပြည်တော်ရှိ တောတွင်းတစ်နေရာတွင် ဆံတော် ရှင်ကျိုက်ထီးရိုး ဘုရားနှင့်ပုံစံတူသော ထူးခြား အံ့ဘွယ် ကျောက်တုံးကြီး သတင်းမှာ ရန်ကုန်မြို့ပေါ်သို့ ယခုရက် ပိုင်းအတွင်း စတင်နာမည်ကြီးလာပါသည်။ နေပြည် တော်နှင့် အတော် လှမ်းသော ရွှေပြည်သာ ရွာတွင်ရှိ သည်ဟုကြားသိရသည်။
အဆိုပါထူးခြား ကျောက်တုံးကြီးမှာ နေပြည်တော် အနီးတစ်ဝိုက်ရှိ မြို့လေးများသို့ပါ အချိန်တိုအတွင်း ပျံ့နှံ့ သွားခဲ့ပြီးနေ့စဉ်ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိနေကြောင်းကြားသိရချိန်တွင် မြန်မာ ပို့စ်သတင်း ဂျာနယ်ပရိသတ် အတွက် အဆိုပါကျောက် တုံးကြီးရှိရာ ဒေသသို့ သွားရောက် ကွင်းဆင်းလေ့လာ ဖြစ်ခဲ့ပါသည်။
နေပြည်တော် ပျဉ်းမနားမြို့မှ အဆိုပါ ရွှေပြည်သာ ရွာသို့ မည်သို့ မည်ပုံ သွားရောက်ရသည်ကို ပထမဦးစွာ စုံစမ်း ရသည်။ အိုင်တီ လက်ဖက်ရည်ဆိုင် သို့ရောက်ရှိ လာသော နေပြည်တော် တွင်တာဝန်ထမ်းဆောင် လျက်ရှိ သည့်ရဲမှူးကြီး တစ်ဦးကို စတင်မေးမြန်းရပါ သည်။ အဆိုပါ ရဲမှူးကြီးထံမှ တစ်ဆင့် ထိုသတင်း တိကျ မှန်ကန်ကြောင်း အတည်ပြုချက် ရရှိပြီးနောက် အဆိုပါ ကျောက်တုံးကြီး တည်ရှိရာသို့ အိပ်မက်အရ လမ်းကြောင်း သိရှိပြီး သွားရောက် ရှာဖွေခဲ့သော ဆရာတော်နှင့် ဆရာတော်၏ ဒါယိကာ၊ ဒါယိကာမ များထံ ဆက်သွယ် စုံစမ်းခြင်း၊မေးမြန်းခြင်း များပြုလုပ် ပြီးနောက် အဆိုပါ ရွှေပြည်သာရွာသို့ မြန်မာပို့စ် သတင်းဂျာနယ် အဖွဲ့ခရီးဆက်လက်ထွက်ခွာခဲ့ပါသည်။
အချို့က ဒီနေ့နေ့ချင်းပြန် ခရီးကအဆင်မပြေနိုင်၊ နောက်တစ်နေ့မှ ခရီးထွက်ရန်ပြောသည်။ ယခု ၁၀ နာရီကျော် နေပြီဖြစ်၍ခရီးထွက်ရန် အဆင်မပြေနိုင်၊ မြစ်ကိုဖြတ်ကူး၍ သွားရသော လမ်းမှဆိုလျင် မြန်နိုင် ကြောင်း လည်း ၀ိုင်းဝန်းအကြံပြုကြသည်။
နေပြည်တော် ပျဉ်းမနားမြို့အထိမ်း အမှတ်တစ်ခု ဖြစ်သော ဆင်ရုပ်မှတ်တိုင် အနီးရှိအိုင်တီ လက်ဖက်ရည် ဆိုင်မှ စတင်၍ အဆိုပါ ခရီးစဉ်ကိုစတင်ခဲ့ ရသည်။ မည် သို့ပင်ဖြစ်စေ အဆိုပါ ခရီးစဉ်ကို မရောက်ရောက် အောင် သွားရမည်ဖြစ်ခြင်းကြောင့်နေ့ချင်းပြန် ခရီးစဉ် စတင် အကောင်အထည် ဖော်ခဲ့ရသည်။
အသွားလမ်းမှာ မိုးရာသီဖြစ်၍ အလွန်ပင်ကြမ်း တမ်းသည်။ ဆိုင်ကယ် ကယ်ရီသမားများက ပေါင်း လောင်း ရေလွှဲဆည်အထိသာလိုက်ပို့၍ ရမည်။ ကျန် သော ခရီးလမ်းကို ခြေလျှင် ချီတက်မှရမည်ဟု ဆိုပါ သည်။ အနီးဆုံး နေရာသို့ လိုက်ပို့ပေးရန် ညှိနှိုင်းကြပြီး နောက် ခရီးထွက် ခဲ့သည်။ နာမည်ကျော် ပျဉ်းမနား သကြားစက် ကိုကျော်လွန်ပြီးသည့် နောက် အတော် လေးကိုမောင်းပြီးမှ ပေါင်းလောင်း သို့ရောက်သည်။ ကျန်သော ခရီးစဉ်အတွက်ကိုမူ နေပြည်တော် ဒေသခံ ဆိုင်ကယ် ကယ်ရီသမားများက သူတို့လည်း အဆိုပါ ကျောက်တုံးကြီး ဆီသို့မသွားရသေး ဖူးမြော်ချင်သည်ဟု ဆိုကာ ဆက်လက် လိုက်ပါပို့ဆောင် ပေးသည်။ ခရီး လမ်းမှာ ဆိုင်ကယ်ကယ်ရီသမား တို့အတွက် အလွန်ပင် ခက်ခဲကြမ်းတမ်း သော်လည်း မရရအောင် လို့ပို့ပေးကြ သည်။ အမှန်တကယ်တွင် အဆိုပါ ကယ်ရီသမားတို့ အပင်ပမ်းခံ လိုက်မပို့ပါက ညမိုးချုပ်သည့် တိုင်အောင် ကျောက်တုံးကြီးဆီသို့ ရောက်နိုင်မည် မဟုတ်ပါ။ ကျေး ဇူးများ စွာတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။
ဘုရားတောင်ခြေနှင့် အတော် နီးသောနေရာ အထိ လိုက်ပို့ကြပြီး နောက်တော လမ်းခရီးကိုဆက်ခဲ့ သည်။ နံနက် ၁၀ နာရီဝန်းကျင်မှ စတင်ကာ ခရီး ဆက် ခဲ့သော အဆိုပါ ကျောက်တုံးကြီးခရီးစဉ်မှာ မွန်း လွဲ ၁ နာရီဝန်းကျင် တွင်အဆုံးသတ် ခဲ့ပြီးနောက် ရောက် ရှိခဲ့ လေတော့သည်။
ဘုရားဝန်း ကျင်တွင် လာရောက် ဖူးမြော်သူများ လည်းရှိ နေသည်။ တောင်ပေါ် အတက်တွင်လည်းပြန် ဆင်းသွားကြသူ တို့နှင့်လည်းဆုံ တွေ့ခဲ့ရသည်။
ကျောက်တုံးကြီးမှာ ကား အမှန်တကယ်ပင် ဆံတော်ရှင် ကျိုက်ထီးရိုးသို့သွား ရောက်ရာ ခရီးစဉ်နှင့် ဆင်ဆင်တူ သကဲ့သို့ ကျောက်တုံးကြီး အနေအထားမှာ လည်း ပုံတွင်မြင်တွေ့ရသည့် အတိုင်း များစွာ ဆင်တူ နေပါသည်။ ကျောက်တုံးကြီး ပတ်ပတ်လည်တွင် ဘုရား ဖူးသူတို့ရောက်ရှိနေပါသည်။
ဒေသခံရွာ သား ကိုဖိုးပြားက အဆိုပါ ကျောက်တုံး ကြီးအနီးရှိ ထူးခြားချက်များကို လိုက်လံပြသ ပါသည်။အနီးနားရှိအခြား သော အရံ ကျောက်တုံးကြီးများပေါ် တွင် လူကြီးတစ်ဦး ၏ခြေရာ ထက်ပင်ကြီးနိုင်သော ခြေရာကြီး တစ်ခုနှင့် ကလေးငယ် တစ်ဦး၏ခြေရာတို့ကို လိုက်လံပြသ ပေးသည်။ ယင်းအရံ ကျောက်တုံးကြီးပေါ် တွင်ပင် တစ်စုံတစ်ခုသော မှတ်သားထားသည့် အရာတို့ ရှိနေပြန်သေးသည်။
“ဒီအမှတ်အသားကတော့ သဘာဝအတိုင်းပေါ် ပေါက်နေတာ မဟုတ် လောက်ပါဘူး။ တစ်စုံတစ် ယောက် က မှတ်သားထား တဲ့ပုံစံမျိုးပါ။ ရေးထားတာ ကလည်း ဘာစာ လည်းဆိုတာ ကျွန်တော်တို့ အနေနဲ့ မသိနိုင်ပါဘူး။ သမိုင်းကို လေ့လာတဲ့သူ၊ ရှေးဟောင်း စာပေတတ် ကျွမ်းတဲ့သူတွေ လာပြီးလေ့လာနိုင်ရင် တော့ အကောင်းဆုံးပါပဲ” ဟု ဒေသခံရွာသား ကိုဖိုးပြား ကပြောသည်။
“ကျွန်တော်တို့ ဒီဒေသခံတွေအနေနဲ့ ဒီကျောက် တုံးကြီးကို အားစမ်း တဲ့အနေနဲ့ တွန်းချကြသေးတယ်။ ဘယ်လိုမှ မကျဘူး။ တည်နေပုံ ကလည်းထူးခြားတယ်။ တွန်းချတယ် ဆိုတာတောင် ဒီအတိုင်း လူချည်း သက် သက်အားနဲ့တွန်းချတာ မျိုးမဟုတ်ဘူး၊ ကုတ်နဲ့ ကော် ချတာ။ ကုတ်နဲ့ ကော်တယ်ဆိုတာက ကုတ်တစ်ချောင်း ကို လူငါးယောက် အားနဲ့ညီမျှတယ်ဗျ။ သုံးယောက် ပေါင်း ဆိုတော့ လူဆယ့်ငါးယောက် အားလောက် ရှိတယ်။ ကျောက်တုံးကြီး ဆိုတာ ယမ်းခါ နေပေမယ့် ဘယ်လိုမှ ပြုတ် မကျသွားဘူး” ဟုကိုဖိုးပြားက ဆက် လက် ပြောပြသည်။
လူသူ အရောက်အပေါက်နည်းသော အဆိုပါ ကျောက်တုံးကြီး တည်ရှိရာနေရာ သွားရာလမ်းကို ကျိုက် ထီးရိုးဘုရား လမ်းဟု သာခေါ်ဆိုကြကြောင်း ရွာခံများ ကပြောသည်။ ကျောက်တုံးကြီးနှင့် ခပ်လှမ်းလှမ်း တွင် စမ်းချောင်းငယ် တစ်ခု၏ တသွင်သွင် စီးဆင်းနေသံကို လည်း ကြားရ သဖြင့်သွားရောက် ကြည့်ရှုခဲ့ကြပါသည်။ ကြည်လင်အေးမြသော စမ်းရေကြောင့် ပင်ပမ်းမှုအား လုံးပြေ ပျောက်သွားရသကဲ့ သို့ခံစားရသည်။
အဆိုပါ ထူးခြားဆန်းပြားသော ကျောက်တုံးကြီး သတင်းမှာ နေပြည်တော် ၀န်းကျင်တွင် ပျံ့နှံ့လျက်ရှိပြီး ယခုအခါ အနီးနား ပတ်ဝန်းကျင်ဒေသများမှသူများ နေ့စဉ် လာရောက်ဖူးမြော် ကြကြောင်း၊ စနေ၊ တနင်္ဂနွေ နေ့များတွင် အဆိုပါ ကျောက်တုံးကြီးကြီးဆီသို့ လာ ရောက်လေ့လာ သူများအဆင်ပြေစေရန် ကားတစ်ချို့ ပြေးဆွဲ ပေးနေကြောင်းလည်း သိရသည်။
ကျောက်တုံးကြီး ၏ နာမည်သတင်း ကျော်ဇောမှု ကြောင့် ယခုအခါ တွင်သက်ဆိုင်ရာ မှစာတစ်စောင် ရောက်ရှိ လာပြီး အဆိုပါ ကျောက်တုံးကြီးကို နဂိုမူလ အတိုင်း ထိမ်းသိမ်းပေးထား ရန်နှင့် စေတီဘုရား တည် ခြင်းအမှု တို့ကို လူကြီးများ ကိုယ်တိုင် လာရောက်စစ် ဆေးပြီး စေတီ ဘုရား တည်ခွင့်ပြု မည်ဖြစ်ကြောင်း အကြောင်းကြား စာပို့ထားသည်ဟုသိရသည်။
“ ကျွန်တော် တို့ကတော့ သက်ဆိုင်ရာ ကလာစစ် ဆေးမယ်၊ ဘာမှ မပြုမပြင်ဘဲ ထားရှိပေးရမယ် ဆိုတော့ အခုဘုရား တည်မယ့် ကျောက်တုံးကြီး ပတ်ပတ်လည်မှာ ရွှေချဖို့ အတွက် ခံဆေး သုတ်ထားတာ ကိုရပ်ထားပါ တယ်။ လာတဲ့သူတွေ ကများများလာတာ ကြောင့် ကျွန် တော်တို့ရှိ တဲ့ဒေသခံတွေနဲ့ လာရောက် တဲ့သူတွေ အဆင်ပြေအောင် လမ်းပြင်ပေးတာတွေ၊ လမ်းညွှန် ဆိုင်း ဘုတ်တွေ လမ်းဆုံ လမ်းခွတွေမှာ လိုက်ပြီး စိုက်ထားပေး တာတွေ ကိုတော့လုပ်ပေး ပါတယ်။ ဘုရား တည်တာက တော့ ဒီဝါကျွတ်ပြီး သီတင်းကျွတ် ရောက်ရင်တော့ တည်ဖြစ်မယ် လို့မျှော်လင့်ထား ပါတယ်” ဟုအဆိုပါ ကျောက်တုံးကြီး တည်ရှိရာအနီးမှ ဒေသခံရွာ ရွှေပြည် အေးကျေးရွာ ၊ ဘာသာရေးနှင့်လူမှုရေး ဥက္ကဋ္ဌ ဦးမြင့် ဟန်က ပြောကြားသည်။
ထူးခြားဆန်းပြားပြီး အံ့သြဖွယ်ရာကောင်းသော၊ မမြင်ရ သော်လည်း လူပြော သူပြောများနေသည့် ထူး ခြား ဆန်းပြားမှုမျိုးစုံရှိနေသည့် အဆိုပါကျောက်တုံးကြီး ပေါ်တွင်အမြန်ဆုံး ဘုရားတည်နိုင် စေရန်ကိုမူ ဒေသခံ ရွာသူ ရွာသားများ၊ အနီးနား ပတ်ဝန်းကျင်ရွာများမှ လာရောက် ဖူးမြော် လေ့လာကြသူတို့က မျှော်လင့် လျက် ရှိနေကြပါသည်။ မြန်မာပို့စ် သတင်းဂျာနယ်အဖွဲ့အနေ ဖြင့်လည်း မည်သို့ပင်ဖြစ်စေ ကာမူ ထူးခြား ဆန်းပြား သော အဆိုပါ ကျောက်တုံးကြီးဆီသို့ ခက်ခက်ခဲခဲ ရောက်ရှိ ခဲ့ချိန်တွင် လွန်စွာမှ ၀မ်းမြောက် ၀မ်းသာဖြစ် ရပြီး၊ စာဖတ်ပရိသတ် တို့ထံ အချိန်မီ တင်ပြခွင့်ရရှိသည် ကို ပိုမို၍ ပီတိဖြစ်ရပါသည်။
အဆိုပါ ကျောက်တုံးကြီး ပေါ်တွင် စေတီဘုရား တည်ခွင့်ကို ထူးခြားသော အိပ်မက်အရ လမ်းကြောင်း ရှာဖွေ တွေ့ရှိခဲ့သော ဆရာတော်နှင့် တပည့်၊ ဒါယိကာ၊ ဒါယိကာမများ တည်ထား ခွင့်ရမည်လား၊ နိုင်ငံတော်မှ ဦးစီး ဦးဆောင်ပြု၍ တည်ထား ကိုးကွယ်မည် လားဆို သည်ကိုမူ မည်သူမျှ မသိရှိရသေးပါ။
လာမည့် သီတင်းကျွတ် ကာလအရောက်တွင် ယခု ကတည်း ကနာမည်ကျော်ကြား နေသော ဆံတော်ရှင် ကျိုက်ထီးရိုး ပုံစံတူကျောက်တုံးကြီး ပေါ်၌ စေတီတော် တစ်ဆူ ပေါ်ထွန်းလာ တော့မည်ဟု မျှော်လင့် ရပါသည်။
http://www.facebook.com/nwayoo.maungmaung
မူရင်းကဒီမှာပါ။ ဒကာလေး မောင်လှမျိုးအောင်နဲ့ facebook မှာတွေ့ရင်းတင်ခွင့်တောင်းလိုက်ပါသည်။ 

“၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာ”

ဒီနေ့ဝါဆိုလပြည့်နေ့ဆိုတော့ ၀ါဆိုလအကြောင်းလေးရေးဘို့စိတ်ကူးမိထားတယ်.။စိတ်ကူးပြီး ဖေ့ဘုတ်စာမျက်နှာတွေလှန်လှောကြည့်မိတော့ ရေးဘို့အကြောင်းတွေ တိုက်ဆိုင်နေတယ်။ ဒီနေ့ပဲ သူငယ်ချင်းနဲ့ အတူတူ ဟို စရဏဘူတာနားမှာ ကျရည်ခေါ်တဲ့လဘက်ရည် တူတူသွားသောက်ရင်း မိဂဒါဝုန်နားမှာ ဘုရားကိုအာရု့ပြုရင်းစိတ်ကူးလေးနဲ့ မြန်မာပြည်ကို အောက်မေ့တမ်းတ လွမ်းနေမိတယ်.။ကျရည်ဆိုလို့ သံပုရည်လေးညှစ်ထည့်ပြီး ဆားပုတ်ခဲသဘောမျိုး အမှုန့်လေးတွေနဲ့ထည့်ပြီးသောက်ရတာ အင်မတန်အရသာတော့ရှိတယ် ၂ ဦးသားသောက်ကောင်းကောင်းနဲ့သောက်လိုက်တာ ၃ ခွက်ဆီသောက်လိုက်တယ်။ ကျမ္မာရေးလဲညီညွတ်စေတယ်ပေါ့။သူတို့ကုလားတွေကတော့တခွက်ပဲ သောက်လေ့ရှိတယ်ပေါ့
မိမိတို့ကတော့ ၃ ခွက်ထိဆင့်သောက်လိုက်တယ်..။
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
ဓမ္မစကြာ တရားတော်ကိ
ု မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။
ဓမ္မစကြာတရားတော်သည် ၀ိနည်းမဟာဝါပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။

ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ၀ါရ-အမည်ဖြင့် လာရှိပါသည်။
မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။
ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။

(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)
ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ

(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓ၀ါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။
ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။

( ၀ါဆိုလပြည့်နေ့၏ ထူးခြားချက်များ )

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်-

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၎။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။
၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
အထက်ဖော်ပြပါ ၀ိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤ၀ါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ၀ါဆိုပန်းများ ကပ်လှူခြင်း၊ ၀ါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။

Thursday, June 28, 2012

စစ်မှန်သောအလှူပေးတတ်ဘို့

အလှူ…
အလှူဆိုသည်မှာ ကူညီခြင်း စွန့်လွှတ်ခြင်း ပေးကမ်းခြင်း ထောက်ပံ့ခြင်း ချီးမြှင့်ခြင်းကိုဆိုလိုသည်။ ဗုဒ္ဒဘာသာလူမျိုးများသည် အလှူရေစက် လက်နှင့်မကွာ အစဉ်အမြဲ လှူဒါန်းနေကြသောသူများ ဖြစ်ပေသည်။ သို့ရာတွင် ဤသို့သောလူများ၏ အကျိုးပေးကား အဘယ့်ကြောင့် နုံချာနေကြပါသနည်း။ ပြန်လည်ဆန်းစစ်သင့်ကြပေ၏။
အလှူအမျိုးအစားနဲ့ အကျိုးပေးပုံ…
ရုပ်ဝတ္ထုအလှူနှင့် လုပ်အားဒါနအလှူ ဟူ၍ အလှူနှစ်မျိုးရှိ၏။ မိမိပိုင်ဆိုင်သောအရာများ လုပ်အားဆောင်ရွက်မှုများကို စွန့်လွှတ်စိတ်ထား စွဲလန်းမှုကင်းကွာ ကိုယ်ကျိုးစွန့်ခြင်းဖြင့် သူတပါးကောင်းကျိုးအတွက် အဓိကထား လုပ်ဆောင်ခြင်းကို လှူဒါန်းသည်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ သို့တည်းမဟုတ် စွန့်လွှတ်စိတ်မပါ ငါ့ပစ္စည်း ငါ့ဥစ္စာ အစွဲအလန်း တစုံတရာမျှော်လင့်ချက်နှင့် ပေးကမ်းလှူဒါန်းမည်ဆိုပါက အလှူ ဒါန အထမြောက်လိမ့်မည်မှာ မသေချာလှပေ။ ဤကဲ့သို့ ကျွတ်ကျွတ်လွတ်လွတ် မလှူဒါန်းနိုင်ခြင်းဟူသော အကြောင်းတရားကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ပဲ နုံချာသေးနုပ်သော အကျိုးတရားကိုသာ ရရှိစေပါသည်။ အစွဲအလန်းကင်းကင်းဖြင့် စိတ်ပြတ်သားစွာ လှူဒါန်းမှသာလျှင် စစ်မှန်သော ကောင်းကျိုးကို အပြည့်အဝ ရရှိမည်ဖြစ်ပါသည်။
အလှူသင့်ဆုံးသော အလှူခံပုဂ္ဂိုလ်
ရဟန်းသံဃာများ၊ လူပုဂ္ဂိုလ်များသာမက၊ သက်ရှိတိရိစ္ဆာန်များအပါအဝင် အယုတ်အလတ် အမြတ်မရွေး မည်သူမဆို လိုအပ်နေသောအချိန်တွင် လိုအပ်နေသောအရာကို လှူဒါန်းခြင်းသည် အသင့်တော်ဆုံးနှင့် အမွန်မြတ်ဆုံးဖြစ်ပါသည်။ ပြည့်စုံကုံလုံသော ရဟန်းသံဃာတော်များကို လှူဒါန်းကြမည့်အစား၊ မပြည့်မစုံ မလုံလောက်သော စာသင်သားကိုရင် ဦးဇင်းလေးများကို လှူဒါန်းခြင်းသည် ပိုမို သင့်တော်မွန်မြတ်လှပါသည်။ ထို့အတူ ချမ်းသာသော လူများကို ပင့်ဖိတ်ကျွေးမွေးကြမည့်အစား၊ ဆင်းရဲသောသူများကို စတုဒီသာကျွေးမွေးခြင်းကား အလှူရှင်သာမက၊ အလှူခံလူများကိုပါ ပိုမို အကျိုးရှိစေပါသည်။
အချို့သော လှူဒါန်းသူများသည် အလှူခံပုဂ္ဂိုလ်၏ သီလစင်ကြယ်မှုကို အရေးတကြီး အရေးထားနေပြီး၊ မိမိ၏ အလှူခံပစ္စည်း စင်ကြယ်မှု ရှိမရှိ ဆန်းစစ်ဖို့ မေ့လျော့နေတတ်ကြ၏။ အမှန်စင်စစ် မိမိ၏ စိတ်စေတနာသန့်စင်မှုနှင့် မိမိ၏ အလှူခံပစ္စည်း စင်ကြယ်မှု ရှိဖို့က ပိုပြီး အရေးကြီးပါသည်။ လက်တဖက်က ခိုးယူပြီး၊ ကျန်လက်တဖက်ဖြင့် ပြန်လှူဒါန်းခြင်းသည် မလုပ်သင့်သော အရာပင်ဖြစ်ပါသည်။
အလှူသင့်ဆုံးသော အလှူခံပစ္စည်း
လှူဒါန်းရာတွင် အလှူခံပစ္စည်းသည် အပ်စပ်မှုရှိပြီး အလိုအပ်ဆုံးအရာဖြစ်ဖို့ အရေးကြီးပါသည်။ ရဟန်းသံဃာတော်များ အတွက် ကျောင်း၊ ဆေး၊ ဆွမ်း၊ သင်္ကန်းတည်းဟူသော ပစ္စည်းလေးပါးနှင့် အပ်စပ်သော အလှူဖြစ်ရန် အရေးကြီးလှပါသည်။ မိမိအလှူကြောင့် ရဟန်းသံဃာတော်များ၏ ဝိနည်းအာပတ်သင့်စေပါက မိမိ၏အလှူသည် စင်ကြယ်သောအလှူ မဖြစ်နိုင်တော့ပေ။ အလှူခံပစ္စည်း၏ တန်ဖိုးအနည်းအများ၊ အလှူခံပုဂ္ဂိုလ်၏ သီလဂုဏ်ရှိန် ရာထူး အဆောင်အယောင်များသည် အဓိက မကျပဲ၊ အလှူခံပုဂ္ဂိုလ်များ အဆင်ပြေအကျိုးရှိစေရန် ရည်သန်လျက် မိမိအကျိုးကို ထည့်မတွက်ပဲ စွန့်လွှတ်လှူဒါန်းနိုင်ခြင်းသည်
သာ စစ်မှန်သော အလှူဖြစ်နိုင်ပါသည်။
ကုသိုလ်မရ၊ ငရဲကျ…
မြန်မာလူမျိုးအများစုသည် အလှူလှူဒါန်းရာတွင် နံမည်ဂုဏ်ပုဒ် ကို အလွန်တရာမက်မောသူများဖြစ်ကြသည်။ ဘုရားတကာ ဘုရားအမ ကျောင်းတကာ ကျောင်းအမ ရဟန်းတကာ ရဟန်းအမ စသော ဂုဏ်ပုဒ်များကို သေလွန်သည့်အခါ သတင်းစာတွင် ကြော်ညာရုံအားမရကြ သေရာညောင်စောင်း သုသာန်အုတ်ဂူ ရောက်သည်အထိ ဂုဏ်ဖော် ဂုဏ်ယူကြလေ့ရှိကြသည်။ အမှန်စင်စစ် လှူဒါန်းပြီးသော မည်သည့်အရာမဆို လှူဒါန်းသူနှင့် လားလားမျှ သက်ဆိုင်မှု မရှိတော့ပေ။ ရုပ်ဝတ္ထုပစ္စည်းသာမက လုပ်အားဒါန၏ အသီးအပွင့်အားလုံးတို့သည် အလှူခံပုဂ္ဂိုလ်နှင့်တကွ လူ့အဖွဲ့အစည်းတရပ်လုံးရှိ လူအားလုံးနှင့်သာ သက်ဆိုင်ပေတော့သည်။
ဥပမာအားဖြင့် ဘုန်းကြီးကျောင်းတကျောင်းအား ဆောက်လုပ်လှူဒါန်းမည်ဆိုပါက ၄င်း ဘုန်းကြီးကျောင်းသည် အလှူရှင်ပုဂ္ဂိုလ် သို့မဟုတ် စုပေါင်းအလှူ ဖြစ်သော အဖွဲ့အစည်းတရပ်နှင့် သက်ဆိုင်မှုမရှိတော့ပေ။ ယင်းဘုန်းကြီးကျောင်းသည် အလှူခံ ရဟန်းသံဃာနှင့်တကွ ဘုရားသားတော် သမုတိသံဃာတော်အားလုံးသာမက လူ့အဖွဲ့အစည်း အတွင်းရှိ ဗုဒ္ဓဘာသာဝင်အားလုံးနှင့်သာ သက်ဆိုင်မှု ရှိရပေမည်။ ဤသို့မဟုတ် အလှူရှင်အနေဖြင့် ငါ့ကျောင်း ဟူသော အစွဲအလန်းကို မစွန့်လွှတ်ပဲ ဘုန်းကြီးကျောင်းနှင့် သက်ဆိုင်သော ကိစ္စမှန်သမျှ ဝင်ရောက်စွက်ဖက်နေမည် ဆိုပါက ကုသိုလ်တစ်ပဲ အကုသိုလ်တစ်ပိသာ ဖြင့် အပယ်ငရဲ လားရမည်မှာ သေချာလှပါသည်။
အတုယူသင့်ပါတယ်….
ဗုဒ္ဓဘာသာဝင်များသည် အလှူ လှူဒါန်းရာတွင် ခရစ်ယာန်ဘာသာဝင်များ၏ လူမျိုးမရွေး ဘာသာမရွေး အချိန်နေရာမရွေး လှူဒါန်းမှုနှင့် စိတ်နေစိတ်ထား စိတ်ပြတ်သားမှုကို အတုယူသင့်ပါသည်။ ခရစ်ယာန်လူမျိုးများသည် လှူဒါန်းရာတွင် လိုအပ်သောနေရာတွင် အမှန်တကယ်လိုအပ်သောသူများကိုသာ အယုတ်အလတ် အမြတ်မရွေး၊ မိမိအကျိုးတစုံတရာ မမျှော်ကိုးပဲ၊ စွန့်လွှတ်လှူဒါန်းလေ့ရှိပါတယ်။
တူသောအကျိုးပေးမှာပါ…..
ဆုဆိုသည်မှာ တောင်း၍ရသော အရာမဟုတ်၊ လုပ်ယူရသောအရာ ဖြစ်ပေသည်။ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုပါက မည်သည့်အလုပ်မျှ လုပ်စရာမလို၊ ဆုသာ ထိုင်တောင်းရုံသာ ရှိပေတော့မည်။ မိမိပြုလုပ်သော ကောင်းသောကံ၏ တူသောကောင်းကျိုးမှန်သမျှကို မိမိသာလျှင် ပြန်လည်ရရှိမည်ဖြစ်သည်။ တောင်းယူစရာမလိုပဲ အလိုအလျှောက် ရရှိမည့် အကျိုးတရားဖြစ်ပါသည်။
သို့ရာတွင် တခါတရံ တချို့သော လူများ၏ လူချမ်းသာ နတ်ချမ်းသာများဆုတောင်းခြင်း၊ တစ်ဦးနှင့်တစ်ဦး ဘဝဆက်တိုင်း ပေါင်းဆုံရပါစေကြောင်း ဆုတောင်းများသည် ပြည့်ပါသည်ဟု စောဒက တက်မည်ဆိုပါက၊ ၄င်းသည် ဆုတောင်းခြင်းကြောင့် ပြည့်ဝခြင်းမဟုတ်ပဲ၊ ဘဝတဏှာကို စွဲလန်းခြင်းဟူသော ဥပါဒါန်တရားကြောင့်၊ ဘဝတဖန်ထပ်မံရရှိခြင်းဖြစ်ပါသည်။
အကောင်းဆုံးစိတ်ထားနည်း..
မိမိ၏ အကျိုးတစုံတရာကို လက်ရှိဘဝအတွက်သာမက၊ နောင်သံသရာအတွက်ပါ မျှော်ကိုး တွက်ချက်မနေပဲ၊ အလှူခံပုဂ္ဂိုလ်များ၏ အဆင်ပြေအကျိုးဖြစ်ထွန်းမှုများကို ဝမ်းမြောက်ဝမ်းသာ စိတ်စေတနာ သန့်သန့်ထားခြင်းဖြင့်၊ စွန့်လွှတ်လှူဒါန်း ခြင်းသည် အကောင်းဆုံးပင် ဖြစ်ပါသည်။ ။
တရားအသိကိုပေးလှူပါသည်။
 ဖေ့ဘုတ်စာမျက်နှာမှ တွေ့ရှိ၍ တင်ပြလိုက်ပါသည်။




Monday, June 18, 2012

ဗာရာဏသီရွှေမြို့တော်၏ ဦးစွာမိုဃ်း

ဒီနေ့ ၁၈.၆.ရက်နေ့ပေါ့.ညအချိန်မိုဃ်းလေးဖွဲဖွဲကျနေခဲ့သည်မို့ အပူဒဏ်သက်သာပြီပေါ့။ မိုဃ်းချိန်းသံတွေလဲကြားနေရ၏။အပြင်ထွက်ကြည့်တော့ လဲ အအေးဓါတ်သည် သိသာနေခဲ့ချေ၏။အင်း.မနက်ဖြန်..စတဲ့ နေ့ရက်တွေမှာလည်း ရွှေမိုဃ်းရယ် ရွ့ာပါဦးလို့ဆိုပြီး ဆုတောင်းနေမိတယ်.။လက်တွေမှာလည်းအပူနာတွေနဲ့ ။ တနေကုန် တညလုံး ဖွင့်ထားရတဲ့လေပန်ကာနဲ့ ကိုလာကြောင့် မီတာတွေလဲတတ်လှပြီ။ ခု post တင်နေချိန်မှာ မိုဃ်းလေးက တဖျောက်ဖျောက်နဲ့ မိုဃ်းချိန်သံတို့သည်လည်း ကြားနေဆဲမို့ ..ပျော်ရွှင်စရာ နေ့တနေ့မို့ ဘာရယ်တော့မဟုတ် အမှတ်တရ post တခုအဖြစ် တင်လိုက်မိတယ်။

Friday, June 15, 2012

နဖူးကချွေးဒူး(သို့) မိမိနှင့်ပန်ချပ်

မနေ့က ညနေစောင်းလေးမှာ သရက်သီးစားချင်စိတ်လေးဖြစ်မိတာနဲ့ စက်ဘီးလေးနဲ့ ထွက်သွားခဲ့တယ်။ အိုညနေခင်းနေသာဝင်တော့မှာ အပူရှိန်ကတော့ ပူမြဲပါပဲ။ မရောက်တာကြပြီဖြစ်တဲ့ တြိပူရ် ဘက်လည်း သွားရင်းပေါ့။ သွားရင်းသွားရင်းနဲ့ ဘယ်ရောက်လို့ရောက်မှန်းတော့မသိတော့ဘူး။ ကုလားအိမ်ကြိုအိမ်ကြားတွေထဲမှာ နွားချေးတို့ဖြင့် နံစော်နေခဲ့တယ်။ ရထားသံလမ်းတနေရာကိုရောက်ခဲ့ပြန်တယ်..အော် ဒါတော့သိပြီ အာရှပူရ် တနေရာပဲဆိုပြီး ဆက်သွားခဲ့ပြန်တယ်။ မိမိစားလိုသော သရက်သီးကားအထူးတော့မဟုတ် သရက်သီးစိမ်းဖြစ်တယ်။ သရက်သီးစိမ်းလေးကို ဒါးလေးနဲ့ ကွင်းလို့ ကွင်းလို့ လှီးပြီး သရက်ချဉ်အဖြစ်စားချင်မိလို့ လျှောက်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ဘူး။ ဒါနဲ့ အာရှပူရ်နဲ့ မလှမ်းမကမ်း ၃ ကီလိုလောက်မှာရှိတဲ့ ၅ ကီလိုဈေးသွားမှဆိုပြီး ဆက်နင်းခဲ့တယ်။ လမ်းကလဲ ဆိုးဝါးလိုက်တာ ဒီနေ့နင်းရတာ သွားရတာ အဆင်မပြေပါလားဆိုပြီး အရမ်းမောလာခဲ့တယ်။ တနေရာအရောက် စက်ဘီးကြည့်မိတော့ နောက်ဘီးကလေမရှိတော့ အော် ဒါ့ကြောင့်ကိုး ဆိုပြီး မလှမ်းမကမ်းတနေရာရောက်တော့ လေ၀င်ထိုးခဲ့တယ် ရူပီး၁ ရူပီးပေးပြီး ဆက်သွားခဲ့တယ် ။၅ ကိလိုဈေးရောက်တော့ ဈေးရောင်း ဈေးဝယ်တွေနဲ့ ရှုတ်ပွေလို့နေတယ်ပေါ့။ စားလိုသော သရက်သီးစိမ်းတွေ့တော့ မေးကြည့်တယ် လက်ထဲမှ ၄ လုံး ကိုင်လျှက် ချိန်စေခဲ့တယ် တကီလိုတဲ့ ၄၀ တဲ့။ ဈေးကြီးတယ်ကွာ=ဗဟုမန်ငါး။ ဆိုပြီး လှည့်ထွက်ပြန်လာခဲ့တယ်။ လက်တွန်းလှည်းတွေရော ဆိုက်ကားတွေရော ကားတွေရော နွားတွေရော လူဦးရေထူထပ်ပေါများလှတဲ့အထဲမှာ နွားတွေကလဲ လူတွေ အလည် မြို့လည်ခေါင်တွေမှာ သူတို့မဟုတ်သလို ခပ်တည်တည်သွားလာလို့နေကြတယ်လေ။ နွားလဲရှောင်ရ ခွေးလဲရှောင်ရနဲ့ မမိတမိ ဘရိတ်လေးကို လက်က ချိန်ဆနေရတယ်။ နဖူးကချွေးတွေကလဲ ဒူးပေါ်သို့ ကျစေခဲ့တယ်။ ခြေမထိတော့ မရောက်ဘူး စက်ဘီးနင်းလျှက်နဲ့မို့ ဒူးပေါ်သာ ကျခဲ့တယ်။ တနေရာရောက်တော့ ဒိုင်းကနဲ အသံမြည်လာတော့ ရော ပေါက်ပြီ စက်ဘီး ။ ရာသီဥတုကလဲပူတယ် လမ်းကလဲ ကြမ်းဆိုတော့ စက်ဘီးလည်းမနေနိုင်တော့ ငိုပြလိုက်တယ်။ ဒါနဲ့ သက်ဘီးလေးတွန်းပြီး ဆက်သွားနေခဲ့ရင်း မထူးပါဘူး နောတော့လဲ မတတ်နိုင် စက်ဘီးကိုပဲ ပေါက်လက်စလေးကို ခပ်ဆဆလေးနဲ့ နင်းခဲ့တယ်။ ဘန္တေဂျီ ပန်ချပ်..တချို့ကြပြန်တော့ ဂုရုဂျီ ပန်ချပ်။ ( စက်ဘီးပေါက်နေပြီလို့ဆိုလိုပါ၏။)သိတာပေါ့။ မြန်မာဘုန်းကြီးတွေကို ကုလားများက ဘန္တေကြီး ဂုရုကြီးလို့ခေါ်ကြတယ်ပေါ့။ မြန်မာမှမဟုတ် အခြားသော တိဘက် ကမ္ဘောဒီးယား ထိုင်း ဗီယက်မန် ရဟန်းတွေကို ဒီလိုပဲခေါ်တတ်ကြတယ်။ဒါပေမဲ့ မတတ်နိုင်ဘူး စက်ဘီးဆိုင်နဲ့လဲ တော်တော် ဝေးနေတော့ ဦးခေါင်းကိုငြိမ့်လျှက် သိတယ်ဆိုတဲ့အမူယာကိုပြခဲ့ပြီး ဆက်လက်သွားခဲ့တယ်ပေါ့။ မကြာခင် စက်ဘီးပြင်ဆိုင်ကိုရောက်ခဲ့တယ် ။ ၁၀ မိနစ်လောက်ထိုင်စောင့်နေခဲ့တယ်။ အော် ငါသွားရှာတဲ့ သရက်သီးစိမ်းလဲမရသေးပါလားဆိုပြီး စရဏတ၀ိုက်လှည့်ရှာပြန်တော့ တွေ့ပြီ ခပ်မာမာ လေး၃ လုံးရွေးပြီး ချိန်ခိုင်းပြန်တော့ အသားကီလို မရှိတရှိမို့ ၈ ရူပီး ကျလို့  ပေးကာပြန်လာခဲ့တယ်။ အိမ်ရောက်ရင် ဒါးလေးနဲ့ ရစ်လှီးပြီး ဆားလေးနဲနဲထည့်ကာ သရက်ချဉ်အဖြစ် လုပ်ရမည်ကို တွေးပြီး ခရမ်းချဉ်သီးကို ငါးပိလေးများများနဲ့ဆီပြန်ချက်ပြီး ဆွမ်းဘုဉ်းရတာလဲ မကောင်းတာ ကြာခဲ့ပြီမို့ စားချင်စိတ်အာသီသလေးကြောင့် နဖူးကချွေး ဒူးသို့ကျကာ လိုက်ရှာခဲ့ရသော သရက်သီးစိမ်း….။

Thursday, June 14, 2012

ယောင်္ကျားလေးမဟုတ်လို့တဲ့ မိမိရင်သွေးသမီးငယ်လေးအားညှင်းပန်းနှိပ်စက်သောအိန္ဒိယနိုင်ငံက ဖခင်

ကဲ ..ခေတ်ကြီးဘာတွေ ဖြစ်ကုန်ကြပြီလဲ...? မိမိရင်သွေးကိုတောင် ရက်စက်နေမှတော့ တစိမ်းအပေါ်မတွေးဝံ့စရာပဲပေါ့။ အိန္ဒိယနိုင်ငံ၏ အမျိုးသမီးမွေးဖွားခြင်းသည် စရိတ်ကုန်ကျသည်မှာမှန်သော်လည်း အဲလိုစရိတ်ကုန်ကျသည်ကို မိမိ၏ရင်သွေးအား မညှာမတာညှင်းပန်းနှိပ်စက်တာတော့ လူမဆန်မှုပဲလေ..။အင်တာနက်ဖေ့ဘုတ်စာမျက်နှာတနေရာကနေတွေ့မိတော့ တင်မိလိုက်တာပါ။ မိမိနေသောအိမ်ပိုင်ရှင်မှာလဲ သမီးတယောက်ထည်းမွေးထားတာပဲ ချစ်လိုက်တာတုန်နေတာပဲ သူ့မိဘများက ၂၀၀၉ လောက်ကအဆိုပါ အိမ်ရှင်သမီးကိုမေးဘူး၏။ သူလဲ ယောက်ျားတယောက် တောင်းနိုင်ဘို့ သူ့မှာလဲ ဘွဲ့ ဒီဂရီတွေ များများတတ်မှဆိုပြီး ကြိုးစားနေရှာပါတယ်..။အမှန်ပြောရရင် ရုပ်ကတော့ တကယ့်ကို မလှပါဘူး.သို့သော် မိဘများကလဲ သူ့အတွက် လင်ကောင်းရရှိရေး ဓါတ်ပုံးလေးနဲ့ သားမက်ရှာပုံတော်ဖွင့်နေလေရဲ့ သူကလဲ အတတ်နိုင်ဆုံးဘွဲ့ဒီဂရီတွေ ရရှိဘို့ကြိုးစားနေဆဲပါ..။ ခုတော့ ဤသို့မဟုတ်အမျိုးသမီးလေးမွေးဖွားလို့ ညှင်းပန်းနှိပ်စက်ခြင်းဟာ လူမဆန်မှုပဲ..
2a013aa8-5d45-49b2-9026-5d44a86e94bdMediumRes
လူ့ဘ၀ ဘာဆိုဘာမှန်းတောင်သိမသွားလိုက်ရရှာဘူးနော်.

သားယောင်္ကျား လေး မမွေး ဖွား ပေး ဟု ဆိုကာ စိတ်ကြီး လှသည့် အိန္ဒိယ ဖခင် သည် သုံးလ
သား အရွယ် သမီး ငယ် ကလေး ကို ဆေးလိပ် မီးဖြင့် ထိုးခြင်း ၊ ဓားဖြင့် ခုတ် ခြင်း ၊လည်ပင်း
ကို လှီးဖြတ် ခြင်း တို့  ဖြင့် သတ် ဖြတ် ခဲ့ သည် ဟု CNN သတင်း တွင် ဖော်ပြထားသည်။
Afreen ဟု အမည် ပေးထားသည့် သုံးလ အရွယ် လသား ကလေး ငယ် သည် ဒဏ်ရာများ
ဖြင့် ဆေးရုံ သို့  ရောက်ရှိ ခဲ့ ပြီး နောက် သေဆုံး ခဲ့ သည်။ ရဲ က ကလေး ၏ ဖခင် ကို လူသတ်
မှု ဖြင့် ဖမ်းဆီး ခဲ့ သည်။
Afreen ၏ မိခင် ဖြစ်သူ သည် သမီး လေး မွေးဖွား ပြီး နောက် နယ်အဝေး ရောက် နေသည့်
သူ့  ယောင်္ကျား ဆီ သို့  အကြောင်းကြား ခဲ့ ရာ ၊ ” မိန်းကလေး လား …. နင်ဘာလို့  ငါ့ အတွက်
ယောင်္ကျား လေး မွေး မပေးတာ လဲ ဟု အကြောင်း ပြန်ခဲ့ သည်။
“သူက ယောင်္ကျား လေး လို ချင်တယ် ၊ မိန်းကလေး က ကုန်ကျ စရိတ် ကြီးတယ်။ သမီး
လေး မွေး ပြီး တစ်ရက် နှစ် ရက် နောက် တော့ သူ က ရာဇသံ ပို့ တယ်။ ဒီကောင်မလေး
ရဲ့  မွေးနေ့  အတွက် ရူပီး တစ်သိန်း (ဒေါ်လာ ၁၈၀၀) လိုတယ် ။ မင်း မိဘ တွေ ဆီ က ဒီ
ပိုက်ဆံ ကို တောင်း ၊ ငါတော့ စိုက်မပေး နိုင် ဘူး  ၊ မရရင် သတ်ပြစ် လိုက် လို့  ပြောတယ်”
လို့ အသက် ၁၉ နှစ် အရွယ်  မိခင် ဖြစ်သူ ရပ်ရှမန် ဘာနူ က CNN သတင်း ကို ပြောသည်။
အိန္ဒိယ နိုင်ငံ သည် မိန်းကလေး များ အတွက် အဆိုးရွား ဆုံး နေရာ ဖြစ်သည် ဟု ကုလသမဂ္ဂ
အစီရင် ခံတစ်စောင် တွင် ဖော်ပြခဲ့ ဖူးသည်။
ယဉ်ကျေးမှု နှင့် အယူဝါဒ ရေးရာ အရ ယောင်္ကျား လေးများ ကို သာ မိသားစု များ က အလိုရှိ
ကြ ပြီး ၊ မိန်းကလေး များ ကို လိုချင် စိတ် မရှိ ဟု ဆိုသည်။
All India Institute of Medical Sciences (AIIMS) မှာ ဒေါက်တာ Anand Krishnan
ယောင်္ကျား လေး တွေ မွေးဖွား နိုင်တာ အကောင်းဆုံး ရင်းနှီးမြုပ် နှံမှု ပဲ ဟု ဆိုသည်။
အိန္ဒိယ နိုင်ငံ ၏ ရိုးရာ အစဉ် အလာ အရ အမျိုးသမီးများ သည် အရွယ် ရောက်သည့် အခါ အိမ်
ထောင်ခန်းဝင် စရိတ် နှင့် လက်ထပ် စရိတ်ကို အကုန် အ ကျ ခံရသည်။
အိန္ဒိယ နိုင်ငံ တွင် အလားတူ အဖြစ်အပျက် များ မှာ နှစ်စဉ် ဖြစ်ပွား လေ့ ရှိ ပြီး ပြီးခဲ့ သည့် တစ်
လ ကျော်က သမီး ဖြစ်သူ ကို ရိုက်သတ် မှု တစ်ခု အိန္ဒိယ မြောက် ပိုင်း တွင် ဖြစ်ပွား ခဲ့ သည်။
သုံးလသား အရွယ် အမျိုးသမီး ၏ ဖခင် ဖြစ်သူ အိုမာ ဖာရွတ် ကို ရဲ က ကလေးသူငယ် ညှင်းပန်း
နှိပ်စက် မှု ၊ လူ့  အခွင့် အရေး ချိုးဖောက်မှု ၊ လူသေစေမှု များ ဖြင့် ဖမ်းဆီးထားသည်။

Tuesday, June 12, 2012

“မေ့မရတဲ့သူတို့အကြောင်း(၉)”

ဤသို့ တောင်ယာကပွဲတွင် ခေါင်ရည်လိုက်တိုက်နေသော နာဂအမျိုးသမီးအားလျှပ်တပြတ်အမှတ်တရပေါ့

တောင်ယာအပြီးတွင် ဤသို့ ကပွဲတွေနဲ့ဆင်နွှဲကြတယ်ပေါ့
စာသင်ရပုံလေးတွေက တချို့နေရာမှာ ဂီတနဲ့သင့်ခဲ့ရသည်များလည်းရှိခဲ၏။ ကန်တော့ခန်းနှင့် ဆုတောင်းခန်းပြီးသည်နှင့် “ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ” စသည့် ပါဠိသင်ခဲ့ရာ၌ အဆင်မပြေခဲ့။ ဆိုဘို့ခက်ခဲနေ၏။ ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ လို့ ချပေးသည် လိုက်ဆိုဘို့ နှောင့ှ်ေးနေကြ၏။ ဒါနဲ့ မိမိသည် လက်ခုတ်တီး လက်ခုတ်တီးလို့ ပါးစပ်မှပြောလိုက်၏။ နောက်မှနေ၍ လက်ခုပ်တီး လက်ခုပ်တီးလို့ သံပြိုင်လိုက်ဆိုကြ၏။ (အတိုင်း= မဟုတ်ဘူး။ ငိုနားထီး=ငြိမ်ငြိမ်နေပါ) ဆိုပြီး မိမိမှရှေ့မှနေ၍ လက်ခုတ်တီးလျှက် “ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ” လက်ခုပ်တီးလျှက် စီးနဲ့ဝါး ကိုက်အောင်သင်ပေးရသည့်အခါများလဲရှိခဲ့၏။ အမှန်စင်စစ် လူတဦးတယောက်ကို သရဏဂုံတည်စေအောင်သင်ပေးရခြင်းသည် မြေပြန့်အဖို့ ပြောစရာမလိုပဲမဲ့ တောင်ပေါ်တိုင်းရင်းသားတွေ သင်ပေးရခြင်းသည် မိမိအတွက် ဆိုဖွယ်ရာမရှိဝမ်းသာပီတိဖြစ်မိ၏။ တောင်ယာပြန်ချိန်တွင် မိမိသင်ပေးသော ဘုရားစာများရွတ်ဆိုလျှက် “ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ” စသည် သံပြိုင်ရွတ်ဆိုကာ ပြန်လာကြသော နာဂလှပျိုဖြူလေးရဲ့အသံသည် မိမိအတွက်မှာတော့ တပည့်မရှား တပြားမရှိ ပီတိကိုစား အားရှိခဲ့ရပါ၏။ သူတို့သည် တောင်ပေါ်တတ်ရာ၌၄င်း,တောင်ယာမှပြန်လာရာတွင်၎င်း, အလေးအပင်များ ပလိုင်းတွင်ပါလာသောအခါ ပါးစပ်မှ  ယား လား ဟား ဟေ..ဟား လား ဟား ဟေ..လို့ သံပြိုင်ညီးတတ်ကြ၏။ ယခုမူ မိမိရဲ့  “ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ” ကို ရွတ်ဆိုပြီး တောင်ယာအပြန်ခရီးတွင် ကြားမိပြန်တော့ မိမိရင်မှာ သိန်းထီပေါက်သကဲ့သို့ ပျော်ရွှင်မှုတွေဖြစ်မိ၏။ ကိုယ့်လူမျိုး ကိုယ့်ဘာသာကို အခြားသော ဘာသာတွေဆီသို့မရောက်စေလိုခဲ့ခြင်းသည် မိမိ၏ ရင်ထဲက ဆန္ဒဖြစ်၏။ မိမိတို့ တောင်တန်းသာသနာပြုခရီးစဉ် မထွက်ခင်က တောင်တန်းသာသနာပြုသွားလိုသော အရှင်ဘုရားများ စာရင်းပေးသွင်းပါဟု မိမိတို့ ဒေ၀သာဂရသိမ်ကုန်း ဓမ္မိကာရုံပါဠိတက္ကသိုလ် ပဓာနနာယက ဆရာတော်(အဂ္ဂမဟာပဏ္ဍိတ တောင်တန်းသာသနာပြုသြ၀ါဒါစရိယ ) ဆရာတော်မှ ဘုရားဝတ်တတ်အပြီးသြ၀ါဒခြွေ၏။ ထိုအချိန်ကား မှတ်မှတ်ရရ (၁၉၉၄)ခုနှစ် ကဲ ဒေသန္တရ ဗဟုသုတလည်းဖြစ်တာပေါ့။ ဆိုပြီး လိုက်လိုကြောင်း စာရင်းပေးသွင်းလိုက်၏။ တောင်တန်းဒေသအချို့မှာ ခရစ္စယာန်များ ထိုးဖောက်နေရာယူနေကြောင်း နယ်စပ်ဒေသ အဲဒီအချိန် မောင်သင့် ဖြစ်၏။ မောင်သင့် လို့ သိရခြင်းမှာ မိမိဆွမ်းခံအိမ်မှ ဗိုလ်ကြီးထွန်းရီ(အငြိမ်းစား) ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင့်တင့်ထွန်း၏ ဖခင်သည် မိမိအား မောင်သင့်သည် သူနှင့် အပတ်စဉ်တူခဲ့သည် ဖြစ်ကြောင်းဘွဲ့တခုခု ရအောင်လုပ်ပေးမည်ဟု ပြောဘူးသောကြောင့် သိရ၏။ သို့သော် မိမိ ထိုဘွဲ့ကို မယူလို မသိနားမလည်သူတို့အား သိနားလည်အောင် ယဉ်ကျေးအောင် ပြောဆိုသင်ပြပေးရရင် မိမိအတွက်အကျိုးရှိမည်ဟု ခံယူကာသွားခဲ့သည်။ မိမိပြန်လာစဉ် ဗိုလ်ကြီး ထွန်းရီကား ကျမ္မာရေး အတော်လေးညံ့နေ၏။ ဆက်သွားဘို့ တိုက်တွန်းခဲ့သော်လည်း ၁၁ လ အချိန် မိမိသည် သူတို့ရင်ထဲ နှစ်လုံးသားထဲ သိသင့်သလောက် မိမိပြောဆိုခဲ့ပေပြီ။သူတို့လဲ အ၀တ်တွေဝတ်လို့ နေကြချေပြီ။ မိမိ၏ မွေးသခင်မှလည်း သွားခွင့်မပြုသလို မိမိရဲ့ ပညာရေးသည်လည်းရှိသေးသောကြောင့် ၁၁ လ တာ၏ ကုသိုလ်သည် မိမိအတွက် အင်အားရှိခဲ့ပြီလို့ ယုံကြည်မိသည်။ဆက်ဦးအံ့ သူတို့၏ ဘုရားပန်းအလှူတွေကတော့ ဘုရားစင်ပေါ်ဝယ် ပန်းမျိုးစုံနဲ့ဝေဆာလို့ ပလောပီနန်ဥများ ဘိန်းရွက်များ ငြုတ်သီးစိမ်းများသည်လည်း တနေ့တခြားများပြားလျှက်ရှိ၏။ တနေ့ မိမိစာသင်နေချိန် နာဂလှပျိုပြူတယောက်မိမိအားစိုက်စိုက်ကြည့်ကာ သူပြောနေ၏။ သူပြောသည်ကို မိမိမသိ။ ကျောင်းသားခေါင်းဆောင်ပြောမှသိခွင့်ရ၏။ သူပြောသည်ကား ငါ ဒီည ဘုန်းဘုန်းနဲ့အိပ်မယ် ဟူသတတ်။ အလို..ဘုရားရေ…ငါတို့က မိန်းမမယူရ ညနေ ထမင်းမစားရဘူးလို့ပြန်ပြောခိုင်းလိုက်၏။ အရင်ရေးပြီးသားဖြစ်၏။ သူတို့သည် အချစ်ဒီမိုကရေစီဖြစ်သောကြောင့် မည်သူနှင့်မဆို အလိုတူက အိပ်နိုင်၏။ မိမိနှင့် အိပ်ချင်ရခြင်းအကြောင်းမှာ မိမိတို့မြေပြန့်သည် မချမ်းသော်လည်း တောင်ပေါ်ဒေသသည် အေး၏။ချမ်း၏။ သို့အတွက်ကြောင့် မိမိသည် စောင်တွေ ၄.၅ ထည် မိမိကုဋင်ပေါ်ထပ်ထားသည်ကို သူတွေ့မြင်၏။ ထိုအရာကြောင့် လို့ မိမိခန့်မှန်းမိ၏။ နောက်နေ့ မိမိရွာထဲ ထုံးစံအရ ဆေးများလိုက်တိုက်စေသည် ရွာဝင်သည်နှင့် ပြောကြ၏။ ရီကြ၏။ ကြိုင်မွန်း မိန်းမမယူရ။ ညနေထမင်းမစားရ။ မြန်မာစကားမပီတပီနဲ့ သူတို့၏ အသံလေးတွေ ဒီနေ့ထိ ကြားယောင်နေမိ၏။ အမှတ်ရနေမိသည် အောက်မေ့နေမိသည်။ သို့သော် မရောက်ဖြစ်တော့။ တရက် အချိန်ကား ညနေနေ၀င်ချိန်ဖြစ်၏။ စခန်းပေါ်မှ စစ်သားတယောက် မိမိနေရာသို့အပြေးလွှားရောက်လာ၏။ အရှင်ဘုရား ဒီည စခန်းပေါ်ကျိမ်းရမယ်ဘုရား အရှင်ဘုရားကျောင်း စစ်သားမပေးနိုင်တော့လို့ဟူ၏။ ဟ.. ဘာလို့လဲ ဒီနေ့ စခန်းပေါ် အင်အားလဲနည်းနေတယ်ဘုရား။အခြားတနေရာသို့ ကိစ္စဖြင့် သွားခဲ့ရသည့် စစ်သားများရှိ၏။ အေး.ကျိမ်းတာပေါ့..ဘာလို့လဲလို့ ထပ်ဆင့်မေးချင်၏။ မမေးရက်။ဒီလိုနဲ့ မိုးလေးအတော်ချုပ်လာသည်နှင့် မိမိ၏ အိပ်ယာလိပ်များယူဆောင်ကာ စခန်းပေါ်တတ်ခဲ့၏။ မိမိအား ဗိုလ်ကြီးနေသော အဆောင်တွင်ကျိမ်းစေ၏။ ဗိုလ်ကြီးသည် လက်မှပုတီးကိုင်လျှက် မေတ္တာပို့နေ၏။ မိမိအား ရှိခိုးပြီးသည်နှင့် အရှင်ဘုရားရေ နယ်စပ်တနေရာမှာ သူပုန်တွေသောင်းကျန်းနေတယ်တဲ့ သူတို့အချင်းချင်းဖြစ်နေတာပါဘုရားတဲ့။ နာဂသူပုန်များသည် ရှိ၏ သူတို့အချင်းချင်းပစ်ခတ်နေ၏။ ထိုသည်ကို စိုးရိမ်စိတ်ဖြင့် မိမိကို ဥပေက္ခာမပြုရက်လို့ ဖြစ်၏။ မိမိကျောင်းအား နေ့စဉ် အာရုဏ်နေ့ ချက်ပြီးဆွမ်းကပ်ရန် တယောက်ထားပေးသည်။ ညတွင်အလှည့်ကျ စောင့်ပေး၏။ တနေ့ ရာသီဥတုသည် အရမ်းကိုအေးနေ၏။ မိုးသည်လည်း ရွာသထက်ရွာနေသည်။ မိမိအိပ်နေခိုက်လန့်နိုးလာချိန် စစ်သားသည်ကား မိမိကျောင်းအ၀င်ဝ ငုတ်တုတ်ထိုင်လျှက်ရှိ၏။ မအိပ်ဘူးလားလို့မေးမိ၏။ ရခိုင်စစ်သား တပည့်တော်ကင်းစောင့်နေတာလေ ဆို၏။ အော် ညတိုင်း မအိပ်ပဲစောင့်ရသည်ကို မိမိမသိခဲ့။ ကဲ နောက်နေ့မှစပြီး အိပ်ကွာ..သေလဲတူတူသေကြတာပေါ့ လို့ပြောဆိုကာ အစောင့်မခိုင်းတော့။ ထိုအချိန် ရေဒီယိုသည် ည ၉ နာရီဆိုလျှင် ပြီးဆုံး၏။ ပြီးသည်နှင့် မြ၀တီမှလာသော သီချင်းလေးများတူတူ နားထောင်ရင်း စကားပြောကြ၏။ ၁၀နာရီထိုးပြီးသည်နှင့် နားထောင်စရာလဲမရှိတော့ အိပ်ကြတော့၏။ ပြန်လည်အောက်မေ့နေမိ၏။ ဓါတ်ခဲတလုံး၏ တန်ကြေးသည် တောင်ပေါ်ဒေသမှာ သိရ၏။ တခါတရံ ဓါတ်ခဲအားမရှိလို့ နားမထောင်ရ အပျင်းပြေစရာ အပျင်းမဖြေရသည့်နေ့ရက်များသည်လည်း ဒုနဲ့ဒေးဖြစ်၏။ ယခု ခေတ်အရဆိုလျှင် ပြောရလျှင် ကွန်ပြူတာ အင်တာနက်လေးနဲ့ ဆိုရင်တော့ အပျင်းဖြေစရာ တခုဖြစ်မည်ဟု တွေးနေမိ၏။ ယခုလည်း မိမိ တနေကုန်အခန်းအောင်းကာ ကြည့်စရာ စာလေးများကြည့်သည်။ အင်တာနက်လေးဖွင့်ကာ သတင်းလေးတွေ ဖတ်မိသည်။ အပြင်မှာရာသီဥတုအရမ်းပူနေမှုကြောင့် တခါတရံ တနေကုန်ခဲ့၏ ကုန်လို့ကုန်မှန်းမသိလိုက်ရ။ ခုတလော သတင်းတွေကလဲ ထူးဆန်းနေသည် ရီးစားကို မီးရှို့သတ်ရတာနဲ့ အသက် ၆၆ နှစ် အဖွားအိုမှ သူအိမ်သားဆုံးပြီးလို့ မကြာသေး အင်တာနက်စာမျက်နှာကိုလှန်လှောပြီး ချစ်သူရှာဖွေသည်တဲ့။ သူရှာကျိုးနပ်သွားခဲ့၏။ သူ၏ရီးစားချစ်သူလေးကား အသက် ၂၈ နှစ်သားလေးတဲ့။ နောက်ရခိုင်ဒေသ ရဲ့ ဖြစ်နေတာတွေကြည့်ပြီး စိတ်လဲမကောင်းမိခဲ့။ မိမိတို့လည်း ဘာမှမတတ်နိုင်ခဲ့။ မိမိတတ်နိုင်သည်ကား (မိုးညင်းဆရာတော်ဘုရားကြီး နိုင်ငံရပ်ခြားတနေရာမှာ စစ်ပွဲတွေဖြစ်နေကြသည်ကို ကြားသိရတော့ သူ၏ ယောဂီများခေါ်ကာ မြေပုံကိုထောက်ပြပြီး ကြည့်စမ်းယောဂီတို့ လူတွေလဲ သေကြေပျက်စီးကုန်ကြပြီတဲ့ ဆိုပြီး ဆရာတော်ာကီးသည် ထိုနေရာအား အာရုံပြုလျှက်” နညမညဿ ဒုက္ခမိစ္ဆေယျ “လို့ အကြိမ်ကြိမ် မေတ္တာပို့သတော်မူ၏။ ဆရာတော်၏ မေတ္တာဓါတ်ကြောင့်ဟု ဆို၏။ ထိုနေရာသည် စစ်ပွဲပြီးဆုံးသွားသည်ဟု ကြားသိခဲ့ဘူးသည်။ ဆရာတော်၏ မေတ္တာဓါတ်သည်ကားထူးဆန်းပေစွ။ မိမိလည်း ထိုဆရာတော်၏ မေတ္တာဓါတ်လို မစူးရှသော်ငြားလည်း ရခိုင်ဒေသ ကို အာရုံပြုကာ” နညမညဿ ဒုက္ခမိစ္ဆေယျ” လို့ မကြာမကြာ ရွတ်ဆိုနေမိတော့၏။

Friday, June 8, 2012

မေ့မရတဲ့သူတို့အကြောင်း(၈)


တောင်ယာကပွဲတွင်ဒီလိုပိုက်ဆံလေးတွေ သီကာဆုချတော့ သူတို့၏ ပျော်ရွှင်မှုတွေကြည့်ပြီးမိမိ၏ ရင်ထဲဝယ်

ရွာထိပ်ရှိ ပန်တုံး အောင်ပွဲခံကြသည့်နေရာ

ခန္တီးမြို့နှင့်လဟယ်မြို့အကြားဝေထိုက်ကြိုးတံတား ဦးနု လုပ်ဆောင်သွားခဲ့သည်
ဒီနေ့တော့ ရာသီဥတုလေးသာယာသည်မို့ စောဘွားကြီးမှ သူ့အိမ်လာဘို့ ပြောထားသည် ဆေးဘူးလေးယူကာ ရွာထဲဆင်းခဲ့တော့၏။ ဆေးဘူးဆိုလို့ အထူးအဆန်းမထင်ပါနဲ့ ပါရာစီတမော့နှင့်ဘာမီတွန်နောက်ပြီး မက်ထရို ဒီ(၃)မျိုးကို ကော်ပုလင်းထဲသို့ထည့်ကာ တအိမ်ဆင်းတအိမ်တတ် (အိုးပူ အိုးညူတို့ မိုးလိမ်းမိုး)အဘိုးအဖွားတို့နေကောင်းကြလား စသည်အော်ကာ ဆေးများလိုက်ပေးရသည့် အလုပ် မိမိမှာနေ့စဉ်အလုပ်တခုဖြစ်၏။ တခါတရံ ပရုတ်ဆီဘူးရောပါလျှက် သူတို့သည် ဘာဆိုဘာမှမသိကြ။ တချို့ခါးနာလို့ ဆေးတောင်းသည် ။ခါးနာမှာပေါ့ နေ့စဉ်ပလိုင်းလွယ်ကာ အလေးများ(ထင်းများ)နေ့စဉ်ထမ်းလို့ တောင်ယာမှနေပြီးရွာထဲသို့ သယ်ဆောင်လာရ၏။ သူတို့သည် အိမ်၌ မီးဖိုမီးမပြတ်ကြချေ။ တညလုံး ထိုမီးဖိုဘေးတွင် အိပ်ကြ၏။ထင်းများ ပလိုင်းတွင်ထည့်ကာနေ့စဉ် ထမ်းရသည့်အတွက်ကြောင့် ခါးများနာသည် မဆန်းချေ။ သို့သော် ခါးနာလို့ နှိပ်ခြင်းပြုခြင်းမရှိသည်က အခက်သား။ မိမိသည် သာသနာပြု တဲ့ သို့သော် သာသနာပြုဆိုခြင်းထက် သူတို့၏ ကျမ္မာရေးများကိုနေ့စဉ်ကြည့်ရှုနေရသယောင်။ ခါးနာသောအဖိုးများ အားယားမှောက်စေ၏။ ပရုတ်ဆီများလိမ်းပေးခြင်းဖြင့် သက်သာစေ၏။ ဗိုက်နာသောသူများလည်းရှိ၏။ ဗိုက်နာမှာပေါ့ ခေါင်ရည်သည် ပြောင်းဖူးကိုပြုတ်ပြီးအချဉ်ဖြစ်အောင်လုပ်သည် ဆေးတမျိုးခတ်၍ ရေနွေးမပွက်တပွက်နှင့် သောက်သည်။ ထိုဗိုက်နာသောလူများ မက်ထရိုပေးသည် ။ ခေါင်းကိုက်သောသူများပါရာစီတမော့ပေးခြင်းဖြင့် မိမိသိသမျှ ပေးဝေငှမိသည်။ ထိုအချိန်က ပါရာစီတမော့တပုလင်း ၂၅ ကျပ်ခန့်ရှိ၏။ တအိမ်မှာတော့ တောလိုက်ထွက်ရာမှ ငှက်ဖျားမိလာသည်ထင်၏။ လူတိုးစောရမ်း=အရမ်းချမ်းနေတယ် တဲ့ ။ဒေါ်မာသိုက်ဂိုး= မနက်ဖြန်လာမယ်ဟုပြောကာ နောက်တအိမ်ဆက်ခဲ့ရ၏။ ကရိုကွင်းဟု ခေါ်သောဆေး မိမိမှာမပါခြင်းကြောင့် မနက်ဖြန်မှလာမည်ပြောခဲ့၏။ ဒီလိုနဲ့ တအိမ်ဆင်းလို့တအိမ်တတ်ခဲ့ရသည်။ စောဘွားကြီးအိမ်နှင့်နီးသထက်နီးလာပြီမို့ ဘာအတွက်ကြောင့် ငါ့ကိုခေါ်ရတာလဲ ဆိုသည့်အတွေး ဖြစ်လာခဲ့၏။ မကြာခင် စောဘွားကြီးအိမ်သို့ရောက်ခဲ့ပြီပေါ့။ ဟာ ဘုန်းဘုန်း မင်းလာပြီလားတဲ့(သူသည်မြန်မာစကားအနည်းငယ်ပြောတတ်၏)အေး ကွ ငါလာတယ်လေ။ မင်းခေါ်ထားတယ်လေ။ အေးလာဆိုပြီး ထုံးစံအတိုင်းမီးဖိုဘေးသို့ ထိုင်ရတော့၏။ မီးသည် အရှိန်ပြင်းစွာတောက်လျှက် အနီးနားတွင် မီးထိုး ထမင်းချက်နေသော ခပ်ငယ်ငယ်အမျိုးသမီးတယောက် ကလေးကို နောက်ပိုးထားလျှက် အလုပ်ရှုတ်နေသည်။ မကြာခင် သိလိုက်ရ၏။ သူ့မိန်းမတဲ့။ ကဲ ရှိဦး ပြော။ သူ့နာမည်သည် စောဘွားကြီးရှိဦး ဖြစ်၏။ ငါမေးချင်တယ်လေ။ မင်းကိုတဲ့။မေးပါလေ. ဘာမေးမှာလဲ မင်းနဲ့ငါ ဘယ်သူကြီးလဲ..? မင်းမိန်းက က ဘယ်မှာလဲ..?စသည်စသည်တို့ဖြင့် မေးခွန်းပေါင်းများစွာနဲ့ မေးတော့၏။ ကဲ မင်းအသက်ဘယ်လောက်ရှိပြီလဲ..တဲ့။ မင်းရောလို့ မိမိမှ ပြန်လည်မေးလိုက်၏။ ငါလားတဲ့ တောင်ယာအခါခုတ် ၄၀ တဲ့။ အို့…ငါက တောင်ယာအခါခုတ်၂၇ ခါ။ (၁၉၉၄)ခုနှစ်ကပေါ့။ ငါကကြီးတယ်တဲ့ စောဘွားကြီးပြောသည်။ မင်းမိန်းမရှိလားတဲ့ ..ငါ့မှာမိန်းမမရှိဘူးလို့ပြော၏။ ငါကတော့ ခု ယူထားတာ ၁၉ နှစ်တဲ့ သူက မကောင်းတော့ဘူးတဲ့ မကြာခင် ၁၆ နှစ်သမီးလေး ယူမှာတဲ့ဆိုပြီး သူ့မိန်းမရှေ့ပြော၏။အဲဒီတော့မှ ဟင်းချက်နေသော နာဂအမျိုးသမီးကြည့်မိလိုက်၏။ ခပ်ငယ်ငယ် ခပ်ချောချောလေး။ အို့ စောဘွားကြိးသည် ရွာမှာ ဥက္ကဋ္ဌထက် သူကအရာပိုရောက်၏။ မင်းမိန်းမမရှိတော့ မင်းဘယ်လိုစားလဲတဲ့..ငါ့မှာ သပိတ်နဲ့ ဆွမ်းခံစားတယ် ..ဝေဘာပယိ. ဟောက်ပယိ= ကြာက်သားဝက်သားတွေရတယ်လို့ပြောလိုက်၏။ သြော် ဆိုပြီး စောဘွားကြီးသည်အံ့အားသင့်လျှက်။ နောက်တခု မင်းညနေထမင်းစားတယ် ငါမစားဘူး လို့ပြောလိုက် .ဟာ မင်းညနေ ထမင်းမစားရင် အားမရှိဘူးတဲ့..ဆိုပြီး ပြော၏။ မိမိလည်း မရှိမဲ့ရှိမဲ့ လက်ကိုကွေ့ကောက်ပြီး အင်အားပြမိ၏.သူသည် လက်ကို လာကိုင်လျှက် မိမိလက်မှမရှိမဲ့ရှိမဲ့ကြွက်သားကို လာကိုင်ပြီးသြော် ဆိုပြီး အံ့အားသင့်ခဲ့ပြန်၏။ မိမိသည် အသက်ထက် မိန်းမမယူတာနဲ့ ညနေထမင်းမစားတာ ဤ ၂ ချက်နဲ့အနိုင်ယူမိလိုက်တော့၏။ ဘုန်းဘုန်းရေ ရွာမှာမင်းအကြီးဆုံးဖြစ်သွားပြီတဲ့။ မင်းပြီးရင်တော့ ငါနော် တဲ့။ စော်ဘွားကြီးကို ရပ်ရွာမှ တောင်ယာခုတ်ကာပေးရ၏။ စော်ဘွားကြီးကို သီးသန့် တောင်ယာထားပေးရသည် တောင်ယာခုတ်ပေးရသည်။ ဤသည်ကားတောင်ပေါ်ဒေသ၇ှိတိုင်းရင်းသားတို့၏ထုံးစံဓလေ့ဖြစ်၏။ဤသည်နဲ့မပြီးသေး နောက်နေ့ ကျောင်းသို့လာကာ လန်ကွတ်တီဝယ်ရန် ပိုက်ဆံမရှိ၍ မိမိအကြီးဆုံးဖြစ်သည်မို့ ငွေ ၅၀ လာတောင်းတော့၏။ မိမိလည်း ပေးလိုက်ပါ၏။ သို့သော် အကြီးဆုံးရဲ့ ပိုင်ဆိုင်မှုကို တောင်းဆိုရမည် လို့ ခံယူထားမိ၏။ ကဲ စော်ဘွားကြီး ရွာမှာ ငါအကြီးဆုံး မင်းအကြီးဆုံးတုန်းက ရွာသားတွေက တောင်ယာ ခုတ်ပေးရတယ် ငါ့ကိုလည်း တောင်ယာ ခုတ်ပေးပါလေ ဟု တောင်ဆိုလိုက်၏။ အေးပါတဲ့ နောက်မှ သိလိုက်ရသည်ကား ဘုန်းဘုန်းအတွက်ဆိုပြီး တောင်ယာ ခုတ်ပေးကြတော့၏။ မိမိ ထိုပိုင်ဆိုင်ခွင့်မရလိုက်တော့ စာဖြေရန် မြေပြန့်သို့ ပြန်ဆင်းခဲ့ရသည်။ ပြန်တတ်ရန် မိမိ၏ မိခင်မှ ခွင့်မပြုတော့၍ နောက်သံဃာ ရယူခဲ့သည်။ ဒီနေ့အတွက် မိမိအတွက် စောဘွားကြီးအား ရပ်ရွာအကြီးဆုံးဖြစ်ခြင်းကြောင့် မြန်မာကျပ်ငွေ ၅၀ ပေးကာ လှူဒါန်းလိုက်ရ၏။