အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Saturday, June 2, 2012

“မေ့မရတဲ့သူတို့အကြောင်း(၄)”

မိမိဝေငှသော အ၀တ်တွေနဲ့ဆိုတော့လဲ

သူတို့ ခေါင်ရည်သောက်ကြတော့မယ်တဲ့
တခုသောမနက်ခင်းအရောက် မိမိကျောင်းရှေ့ လမ်းလျှေက်ရင်းပရိတ်ရွတ်နေမိစဉ် ခပ်ဝေးဝေး မလှမ်းမကမ်းတွင် မြေကို တုတ်ဖြင့် ထောက်ကာထောက်ကာ ငိုကြွေးနေသော အဖွားအို ဘာလို့များငိုနေတာပါလိမ့်ဟု စူးစမ်းနေမိသည်။ မိမိကျောင်းသားခေါင်းဆောင် ငရုတ်သီးအစိုဖတ်နှင့်ထုတ်ပြီးတထုတ် ကြက်ဥ ၂ လုံး ပလောပီနံဥက တချောင်းနှင့် ရောက်လာသည်။ မိမိစိတ်မ၀င်စား စိတ်ဝင်စားသည်ကား ငိုနေသော အဖွားအို ။ အဖွားအို ဘာကြောင့် ငိုတာလဲ..? သိလိုစိတ်သည် တားဆီးမရတော့ ဟေး ပါခို အိုးညူ(အဖွား)ဘာလို့ငိုနေတာလဲ။ ဟာ ဘုန်းဘုန်း မင်းကလဲ သူ့ယောက်ျားသတိရလို့လေ..။ဟေ.. ဘယ်ရောက်သွားလို့လဲ..သေသွားတာ တောင်ယာအခါ ၃ ခါခုတ်လောက်ရှိပြီတဲ့။ တောင်ယာ ၃ခါခုတ်ဆိုသည်မှာ ၃နှစ်ရှိပြီဆိုလိုသည်။ အို့..ဒီလိုတွေချည်းပဲလား.ငါတို့နာဂတွေက သတိရရင် ဒီလိုပဲငိုကြတယ်လေ တဲ့။ တခါ အိမ်တအိမ်လူသေ၏။ ထိုအိမ်ကိုလူအများသွား ထမင်း ဟင်းချက်ပေးနေရ၏။ အိမ်ရှင်သည် ငိုသည်။ ပြီးသည်နှင့်ထမင်းစားသည်။ လာရောက်သူတို့လဲ ၀ိုင်းငိုကြသည်။ ငိုပြီးသည်နှင့် ထမင်း ဟင်းများချက်ထားသည်ကို စားပြီး နားလိုက်သည် ထပ်ငိုကြပြန်သည်။ မပြီးဆုံးနိုင်တော့..”ဘ၀ သံသရာ…ရှည်လျား ထွေပြား…မနေမနား တသွားထဲ သွားကြတာ…”ဦးသုခ သီချင်းကို တယောက်ထည်း အတွေးနဲ့ ရင်ထဲမှ ညီးမိလိုက်၏။ ထားတော့ ထိုအဖွားအိုကိစ္စသည် ထိုမျှနှင့်ရပ်ထားတော့မည်။ ကျောင်းသားမှ ခန္တီးမြို့ နေထိုင်ဘူးခြင်းကြောင့် အသိတရားလေးနည်းနည်းတော့ရှိ၏။ ထို့အတွက်ကြောင့် မကြာမကြာ ဆတ်သားလေးများ ပလောပီနံများစားရ၏။ အေး ဘယ်လိုလဲ မနေ့ညက ဘုန်းဘုန်းသင်တာတွေ ကောင်းရဲ့လား (ကောင်းပါပြီဘုရား။မပြောတတ်ပြောတတ်ပြောလျက်) သီချင်းလဲသင်ပေးပါလို့ သူဆိုလာပြန်၏။ ရော…ခက်ချေပြီ…။ အိမ်း ဖြစ်စေရမပေါ့..ဆိုပြီး (ဒို့သွေးလဲမဟုတ် .ဒို့သားလဲမဟုတ် ..ဒို့အမျိုးလဲ မဟုတ်ပြီ။ နေခြား မြေခြား နေသူရဲ့ စကားတွေ) ဘယ်သူဆိုသည်ကို မသိ သင်ပေးရသည်။ တခါတရံ တောင်တန်းသာသနာပြုများသည် အတ္တဟိတ ကိုယ်ကျိုးသိက္ခာပုဒ်များကိုတောင် ပေးဆပ်ခဲ့ရ၏။ မပြောပလောက်သော ဒေသနာကြားက ပျောက်နိုင်သောအာပတ်ဖြစ်၏။ ပါခိုနဲ့ စကားပြောနေရင်း အပေါ်မှ ဗိုလ်ကြီးနဲ့တပ်ကြပ်ကြီးဆင်းလာခဲ့သည်။ မိမိသည် ဖြစ်ချင်တဲ့ဆန္ဒလေးတွေ တောင်းဆိုချင်တာနဲ့အကိုက်မို့ မိမိအတွက်နဲ့ ဗိုလ်ကြီးအတွက်ဆေးတပ်သားပါသည်မို့ မိမိသည်ကျမ္မာရေးဘာမှမဖြစ်ခဲ့။ သို့သော် နာဂတိုင်းရင်းသူ/ တိုင်းရင်းသားတွေအား တတ်နိုင်သမျှ ဆေးကုသချင်နေမိသည်။ စားဆေးပေးသင့်သည်ကိုစားဆေးပေးမည်။ မိမိလည်းပါလာသည့် ပါရာစီတမော့ မတ်ထရို ကရိုကွင်းများပါလာသည်မို့ သာသနာပြုသည့်နေရာမှာ အရာအားလုံးတာဝန်ရှိနေသည်မှာ မိမိသိသည်။ ဆေးဝါးပေး ကုသခြင်းသည်လည်း ရဟန်းသံဃာအတွက် မကုသသင့်မှန်းသိသည်။ သို့သော် ဆေးဝါးကိုမမြင်ဘူးသော ဘာဆိုဘာမှမသိသော နာဂလူမျိုးတိုင်းရင်းသာတွေအပေါ် မိမိလူမျိုးများဒီလိုရှိနေပါသေးလားဆိုပြီး.၀မ်းနည်းမှုနဲ့ထပ်တူ ကူညီချင်နေမိသည်။ အလိုလို စိတ်ဆန္ဒတို့ရင်ထဲဖြစ်ပေါ်နေမိသည်။ ဗိုလ်ကြီးအားပြောပြသည် ဦးဇင်းတို့ရောက်မှ ရပ်ရွာလဲ လူတွေ တနေ့တယောက်သေနေကြတယ် ဗိုလ်ကြီးရေ..ဒီတော့ ရွာထဲလဲ ဆင်းကြည့်မိသည် နေမကောင်းသူတွေ အတော်ပေါများနေတယ်။ ဆေးတပ်သားနဲ့ ဆေးထိုးသင့်သူကို ဆေးထိုးပေးချင်သည်။ ပုလင်းချိတ်သူကို ချိတ်ပေးရအောင် ဆေးဘိုးတွေတော့မပေးနိုင်ဘူး ပုလင်းကြီးချိတ်ခဲ့ရင်တော့ ဦးဇင်းပေးပါ့မယ်ဆိုပြီး ပြောပြလိုက်သည်။ လက်ခံပါသည်။ တရက်ရက်မှအကောင်ထည်ဖေါ်မည်။ဟု ဆုံးဖြတ်ထားခဲ့သည်။ မိမိလည်း အကြံထုတ်ရတော့မည်။ ဆေးမကုခင် မိမိသည် ရပ်ရွာထိပ်တွင် ပရိတ်ရွတ်လိုကြောင်း ရပ်ရွာဥက္ကဋ္ဌနှင့်တကွ အတွင်းရေးမှူး စသည်တို့ကျောင်းသို့ခေါ်ကာ ပြောပြသည်။ ဗိုလ်ကြီးစသော အရာရှိများ စစ်တပ်ပေါ်မှ ခေါ်ကာ ပြောပြမိသည်။ ဘုန်းဘုန်းပါးစပ်နဲ့ ဂါထာတွေ မန္တာန်တွေ ရွတ်ပေးမည်။ မင်းတို့ရပ်ရွာ ကျမ္မာရေးများကောင်းမွန်စေရန်ဖြစ်တယ်။ ထိုအချိန်တွင် မိမိသင်ပေးထားသော ကျောင်းသူ/ဥားတို့သည် ငါးပါးသီလထိ ဆိုနိုင်နေကြ၏။ တရက် ရပ်ရွာထိပ်တွင် ဖျားများခင်းစေသည်။ မိမိနှင့် စစ်တပ်မှ ဗိုလ်ကြီး နှင့်တကွ စစ်သားအချို့နှင့် မိမိအိပ်ထဲမှရှိသော ၅၀ ကျပ်တန် ၂ ရွက်ကို ၀ါးဒုတ်နှင့်ညှပ်လျှက် ငှက်ပျော်သီး စစ်တပ်မှ ယူ၍၄င်း အုန်းသီးမရှိ၍ ။ဖရုံသီးဖြင့်၎င်း။ဆံတပြည်ခန့် လင်းပန်းတွင်ထည့်ကာ မိမိပစ္စည်း မိမိပဲ ပြန်လည်ပိုင်ဆိုင်ရသလိုပါပဲ။ ငှက်ပျော်သီးကို စခန်းပေါ်တွေ့ရှိလို့အကူညီဖြင့်ရယူသည်။  မိမိသည် သင်္ကန်းကိုရုံလျှက် ဗိုလ်ကြီးတို့အဖွဲ့သည်လည်းကန်တော့ပွဲကို ရွက်လျှက် ရပ်ရွာထိပ်သို့ သွားခဲ့ကြသည်။ ငါးပါးသီလပေးသည် မိမိသင်ပေးသော စာများ နာဂလူမျိုးတို့ လိုက်၍ သံပြိုင် လိုက်ဆိုသည်။ တပည့်မရှားတပြားမရှိ ပီတိကိုစားအားရှိပါ၏။ မိမိပရိတ်ရွတ်သည် ပဋ္ဌာန်းရွတ်သည် ဗိုလ်ကြီးမှ မင်းတို့ရွာသားတွေ အားလုံးကျမ္မာရေးကောင်းမွန်ရတော့မည်ဖြစ်ကြောင်း နတ်ကိုးကွယ်မှုကို (ယဇ်ပူဖော်မှု)မှ ခဏတာနားကြဘို့ပြောဆိုသည်။ မိမိမှလည်း မင်းတို့ လူတယောက်နေမကောင်းရင်  အိမ်မှာ၇ှိတဲ့ ..၀က်..ဆိတ်.နွားတို့ကို သတ်ပြီး ယဇ်ပူဇော်ကြခြင်းသည်။ အဲဒီတိရစ္ဆာန်တွေဟာ (သနားစရာပါလေ သူတို့သိအောင်)ပြောရသည်။ အားနာစရာကောင်းပါတယ်။ ပရိတ်ရွတ်ပေးပြီးပြီ မနက်ဖြန်ကစပြီး (မူဆိုက်လောင်မီးပူ)ဆေးဆရာလဲ ရွာထဲ ဆင်းကုသပေးမည်ဖြစ်ကြောင်း ၀က်တွေ .ဆိတ်တွေ..နွားတွေ မသတ်ကြဘို့ ပြောဆိုမိ၏။ အမှန်စင်စစ် နာဂလူမျိုးတို့သည် အိမ်ရှိလူတဦးတယောက်နေမကောင်းဖြစ်ပါက အိမ်ရှိ တိရစ္ဆာန်တကောင်ကောင် သတ်ပြီး သွေးကို လူနာအားတိုက်စေ၏။ ကျန်သောသွေားများကိုလူနာအားလိမ်းစေ၏။ သူတို့ဓလေ့သူတို့ကိုးကွယ်မှုဖြစ်၏။ တရက် ကျောင်းသို့ ဆတ် အကောင်လိုက်ထမ်းကာ ရောက်လာသည်။ ခုမှတောလိုက်ရလာခြင်းဖြစ်ဟန်တူ၏။ မိမိကို ဆတ်သားလာရောင်းသည် မိမိသည် ပိုက်ဆံမရှိကြောင်း ဆေးမှုန့် လဘက်ခြောက်သာရှိကြောင်းပြောသည် ထိုဆတ်သားကို လဘက်ခြောက်ဆေးမှုန့်ဖြင့်သာ လဲနိုင်မည်။ အသားတပိဿာ ၆၀ ကျပ်။ ဆေးမှုန်ံသည် သတင်းစာနှင့် လိပ်ကာ ဆေးခိပ်အဖြစ်သောက်သုံးရသည်။ မိမိသည် စည်းရုံးရေးအရ သတင်းစာနှင့်ဆေးမှုန့် ဆောင်ထားရ၏။ ထိုနေ့ ဆတ်သားပေါင်တချောင်းကို ဆေးမှုန့်တထုတ် လဘက်ခြောက် တထုတ်ဖြင့် အဆင်ပြေသွား၏။ မိမိကျောင်းနေ စစ်သားသည် နေပူလှန်း၏။မခြောက်ပါ နေမပူခြင်း စားစရာမ၇ှိခြင်းကြောင့် ၂ ရက်ဖြင့်ဆတ်သားတပေါင်ကုန်တော့၏။ နေ့လည် အဖိုးအိုတယောက် ကျောင်းရောက်လာ၏ လက်ထဲမှ ကြက်ဥ ၂ လုံးနှင့် မူဆိုက်လောင်မီးပူတဲ့..။ဆေးဆရာလို့ခေါ်လိုက်ခြင်းဖြစ်၏။ ငါ ခေါင်းတွေ ကိုက်နေတယ် ဆေးပေးပါ တဲ့ ရော့ မင်းအတွက်ဆိုပြီးကြက်ဥ ၂ လုံး ဖတ်ဖြင့် ထုတ်ထားသော ငြုတ်သီိးအစိမ်းတထုတ်။ မိမိသည်လည်း ပါရာစီတမော့နှင့်ဘာမီတွန်ပေးလိုက်၏။ သူတို့သည် ဆေးတခါသောက်ရုံမျှဖြင့် သက်သာစေ၏။ အကြောင်းမှာ ဆေးမသောက်ဘူးခြင်းကြောင့်ဖြစ်၏။ ဒီလိုနဲ့ နေလာခဲ့သည် နေ့ကို လစားလာခဲ့၏။ အချိန်မည်မျှကြာသွားသည်ကိုသတိမထားမိခဲ့။ တနေ့ ဥက္ကဋ္ဌ အတွင်းရေးမှူးနှင့်တကွ အဖွဲ့ဝင်များ စုရုံးလျှက် ရောက်လာသည်။ အကြောင်းကား မိမိပရိတ်ရွတ်ပေးခြင်းကြောင့် ရပ်ရွာလူများ ကျမ္မာကြကြောင်း ငါတို့လဲ ယဇ်ပူဇော်တာတွေမလုပ်တော့တဲ့အကြောင်း တချို့တလေတော့ရှိကြောင်း ပွင့်လင်းစွာရိုးသားစွာပြောသည်။ ငါ ဘာလုပ်ပေးရမလဲ လို့ ပြန်မေးလိုက်၏။ မင်းပါးစပ်ကောင်းတယ်တဲ့.. တောင်ယာတောတွေမှာ ကြွက်တွေ သောင်းကြန်းနေတယ် တောင်ယာတွေလဲ ဖျက်စီးကြတယ်။ မင်းပါးစပ်နဲ့ ရွတ်ပေးဦးတဲ့။ ကဲ အရပ်ကတို့ရေ.. ကဲ ဘယ်လိုလုပ်မလဲပြော..( အဆိုတော်တယောက် ဆိုသလို)ဖြစ်ပြီ။ အင်း..ဖြစ်စေရမယ် ဒါပေမဲ့ င့ါကို တ ရက်အချိန်ပေးရမယ်။ ၀န်ထမ်း ၂ ယောက်ပေးပါ ဆိုပြီး တောင်းဆိုလိုက်၏။ နောက်ရက် ၀န်ထမ်း၂ ယောက် ပလိုင်းလွယ်လျှက် ရောက်လာသည်။ မင်းခေါ်တယ်ဆိုလို့ ဥက္ကဋ္ဌက လွှတ်လိုက်တာတဲ့.။ မင်းတို့ ၂ ယောက် လဟယ်မြို့သွားပါ ။ ဆိုင်ကို ဒီစာပြပြီး သူပေးတဲ့ ပစ္စည်းပြန်ယူလာပါလို့ပြောလိုက်သည်။ ပြောပြီးသည်နှင့် ထမ်းစရာ ဘာညာမပါခြင်းကြောင့် ပြုံးစိစိနဲ့ ကျောင်းပေဓမှဆင်းကာတချိုးထည်း လဟယ်မြို့သို့ သွားတော့၏။ မိမိတို့ လာစဉ်က တနေကုန်လာရသည့်ခရီးမို့ မနက်ဖြန်ဆို ရောက်လာမှာပဲလို့တွေးနေမိသည်။ အထင်သည်ပါစင်အောင်လွဲ၏။ ညနေ မိုးချုပ်ခါနီး ပြန်ရောက်လာ၏။ မိမိသည်အံ့သြနေမိသည်။ အမှန်တော့ ရိက္ခာဘာညာမပါခြင်းကြောင့် ပြေးသွားပုံပေါ်သည်။ မိမိအား မှာထားသော ပစ္စည်းများပေးသည်။ မှာလိုက်သည့်ပစ္စည်းကား အခြားမဟုတ် ကြွက်သတ်ဆေးပင်ဖြစ်တော့၏။ မိမိအကြံရလိုက်ခြင်းကြောင့် တခါတရံ မိမိသည် အာပတ်တွေ သင့်ခဲ့ရသည့်အခါတွေရှိခဲ့သည် သို့သော် သူတို့ လောလောဆယ်ဆယ်အဆင်ပြေစေဘို့ မိမိပိုက်ဆံကုန်ခံရသည်။ အာပတ်လဲသင့်ခဲ့ရပြီ သို့သော် သူတို့ ယုံကြည်မှုနဲ့ သူတို့အတွက်သာ။  နောက်နေ့ ဥက္ကဋ္ဌ အတွင်းရေးမှူါ်ခေါ်သည်။ ဒိဟာတွေကို ထမင်းနဲ့ ရောပြီး တောင်ယာသို့ လိုက်ကြဲပါ ။လို့ပြောပြလိုက်၏။ မိမိသည် ပါးစပ်မှ နာည မညဿ ဒုက္ခမိစ္ဆေယျ။ သတ္တ၀ါတွေ ချမ်းသာကြပါစေလို့. ဆုတောင်းပေးရုံကလွဲပြီး မတတ်နိုင်တော့ပါ။ အာပတ်လွတ်အောင်ပြောရသည်။ မိမိသည် မိမိနေရာမှာ သူတို့ရှိနေစဉ် မနက် ၈ နာရီထားပါ။ မိမိသည် သူတို့အား ၈ နာရီ တွင် တောင်ယာသို့ ကြဲပါလို့ပြောခြင်းကြောင့် အာပတ်လျှောင်လိုက်၏။ သူတို့တောင်ယာသွားရဦးမည်။ အနည်းဆုံးတနာရီ ပေါ့။ မိမိအချိန် ၈ နာရီ လွဲပြီပေါ့။ ကြွက်များသည် ကြွက်သတ်ဆေးစားခြင်းကြောင့်သေနိုင်သည် ဟူသော အသိ သူတို့မှာမရှိတာများလား ပိုက်ဆံမရှိလို့များလား မတွေးတတ် ။ နောက်ရက်များ ပြုံးပျော်ရွှင်စွာဖြင့် ဥက္ကဋ္ဌများကျောင်းရောက်လာသည် သူတို့မှာအပြုံးတွေ ဖြစ်သော်ငြားလည်း ငါ့မှာတော့ ဆိုပြီး သူတို့ ပြောကြသည် မင်းပါးစပ်ကောင်းသည်ဟူ၏။ ကြွက်တွေ သေကြသည်ဟူ၏။ တခါတရံ အတွေ့ကြုံလေးတွေရဲ့ နောက်မှာ သူတို့ အဆင်ပြေစေမှုတွေရဲ့နောက်ကွယ်မှာ..မိမိမှာတော့…

No comments:

Post a Comment